ရန်ကုန်၊ ဇွန် ၅
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ဇွန်လ ၄ ရက်နေ့တွင် လား ထွက်ကျောင်းသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA တို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရပြီး လား ၂ ကောင် သေဆုံးသွားကြောင်း BPLA က သတင်းထုတ်ပြန်သည်။
KNU တပ်မဟာ ၅ ရှေ့တန်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရန် KNLA ပူးပေါင်းအဖွဲ့က ကင်းပုန်းဝပ်နေစဉ် လား ထွက်ကျောင်းသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလားတူ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စုန်ဆင်းထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးကို H-22 လက်လုပ်ရှေ့ပြေးမိုင်း လေးလုံး၊ လက်ထောက်သီး ကျည်များ၊ လက်နက်ငယ်များဖြင့် ယနေ့ ဇွန် ၅ ရက်နေ့ နံနက်တွင် မြစ်ကမ်းတစ်နေရာတွင် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ KPDF တပ်မှ သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၈ နာရီခန့်တွင် ကျောက်ကြီးရွာနှင့် ဆင်ကုန်တိုင်ရွာကြား၌ မြို့လှ PDF တပ်၏ တိုက်ခိုက်မှုကြောင့် သင်္ဘောသုံးစီးအနက် နောက်ဆုံး ၁ စီး၏ ဆလင်ခန်းသို့ ထိမှန်ခဲ့ကြောင်း၊ စစ်ကောင်စီ သင်္ဘောကာ လက်နက်ကြီးများဖြင့် တရစပ် ပြန်လည်ပစ်ခတ်ကာ ဘိုကုန်းရွာတွင် ဆိုက်ကပ်နေကြောင်း၊ မြို့လှ PDF တပ်မှ အထိအခိုက်မရှိ အသာစီး ရယူပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မိုးကြိုးဦးဆောင်သော မြို့လှ KPDF တပ်ခွဲ (၁) မှ တပ်စုမှူး ရွှေဒေါင်းဦးဆောင်ပြီး လင်းဝါနှင့် တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – BPLA တပ်ဖွဲ့ဝင်များ