သဲတောမြို့တွင် ငလျင်ဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရကာ အဆောက်အဦးများ ပြိုကျ ပျက်စီးခြင်းကြောင့် ပြည်သူ ၇၀၀ ကျော် နေထိုင်ရေး အခက်တွေ့နေ
မန္တလေးတိုင်း၊ သဲတောမြို့တွင် ငလျင်ဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရကာ အဆောက်အဦးများ ပြိုကျ ပျက်စီးခြင်းကြောင့် ပြည်သူ ၇၀၀ ကျော် နေထိုင်ရေး အခက်တွေ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် သဲတော်မြို့တွင်လည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နေအိမ်များ ပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် မြို့ပေါ်နေ ပြည်သူ ၇၀၀ ကျော်သည် အဆောက်အဦးများ ပြိုကျပျက်စီးခြင်းနှင့် ကုန်ဈေးနှုန်းများလည်း ကြီးမြင့်နေသောကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။
“ငလျင်ဒဏ်ကြောင့် သေဆုံးသူက ၁၃ ဦးရှိတယ်။ တိုက်ပိပြီး သေဆုံးတာပါ။ တိုက်ပြိုတာက အလုံးရေ ၅၉ လုံး ရှိတယ်။ လုံး၀ ဖြိုဖျက်ရမယ့် နေအိမ်က ၅၉ လုံးရှိတယ်။ ကယ်ဆယ်ရေးလိုတော့ မလာသေးဘူး။ ကျွန်တော်တို့ဆီမှာ လာလှူတာတော့ အခုလောလောလတ်လတ် လာလှူတာကတော့ ၂ ဖွဲ့ ၃ ဖွဲ့လောက်တော့ ရှိသွားပြီ အသင်းအဖွဲ့တွေ လာလှူတာ အားနည်းနေတယ်လို့ ပြောရမှာပေါ့။ အခက်အခဲကတော့ ဆုံးရှုံးသွားတဲ့ အိမ်တွေ အတွက်ရော ကုန်စျေးနှုန်းတွေ အဆမတန်ကြီးတာတွေ လျှပ်စစ်မီးလည်း အခုအချိန်ထိ မလာသေးတာ အဲဒါမျိုးလေးတွေ အခက်အခဲရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။


