ရေစကြို၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုနယ်၊ ရေလယ်ကျွန်းဒေသ၊ သာဂေါင်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျောင်းသား၊ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း စာသင်ကျောင်းဆောင်နှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ကို ဗုံးကျဲ တိုက်ခိုက်သွားတာဘာပြောရမှန်းကို မသိတော့ပါဘူး။ လူစိတ်ပျောက်နေကြတာဆိုတော့ ပြည်သူတွေတော့ စိုးရိမ်သောကတွေနဲ့ စိတ်ဒုက္ခရောက်နေကြရတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


