ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်း ဆောင်များကို တရားစွဲဆိုနေမှုများအပေါ် “ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး” ဟု ဇော်မင်းထွန်း တုံ့ပြန်
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသော ကလေးငယ်များမှာ သောင်းကျန်သူများ၏ အစိတ်အပိုင်းဖြစ်၍ တိုက်ခိုက်ရန် ရှောင်လွှဲမရဟုဆို
ရန်ကုန်၊ ဧပြီ ၁၅
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC အပါအဝင် နိုင်ငံတကာ တရားရုံးများတွင် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို တရားစွဲဆိုနေမှုများအပေါ် စိုးရိမ်စရာမရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
Aljazeera သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
Aljazeera သတင်းဌာနက စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူများအပေါ် တိုက်ခိုက်နေပြီး နိုင်ငံတကာက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပြင်းပြင်းထန်ထန် အဖြစ် ဝေဖန်လျက်ရှိပြီး အင်ဒိုနီးရှား၊ တူရီကီ၊ ဖိလစ်ပိုင်နှင့် ICC တရားရုံးတို့တွင် တရားစွဲရန် ဆောင် ရွက်နေကြောင်း၊ မကြာသေးမီကလည်း ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာဒေးကို ICC တရားရုံးသို့ ပို့ဆောင် ဖမ်းဆီးမှုများရှိကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းအခြေအနေအပေါ် စိုးရိမ်မှု ရှိနေသလားဟု မေးခွန်းထုတ်ခဲ့ရာတွင် ဇော်မင်းထွန်းက မည်သည့်အတွက်မှ စိုးရိမ်စရာမရှိဟု ပြန်လည် ဖြေဆိုခြင်းဖြစ်သည်။
“ဘာမှ စိုးရိမ်စရာမရှိဘူး။ ဘာအကြောင်းနဲ့မှ စိုးရိမ်စရာမရှိဘူး။ PDF တွေက ရွာထဲမှာနေတယ်။ အရပ်ဝတ်နဲ့ စစ်တပ်ကို တိုက်ခိုက်တယ်။ စစ်တပ်က ပြန်တိုက်ရင် အရပ်သားဖြစ်သွားတယ်။ ဒါတွေက PDFတွေရဲ့ တာဝန်သာဖြစ်တယ်။ ICC ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထုကာကွယ်ရေးကို အဓိက အာရုံထားပြီး လုပ်ရမှာဖြစ်တယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် အတွင်းရှိ ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ကလေးငယ်များ ပါဝင်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ Aljazeera သတင်းဌာနက ဇော်မင်းထွန်းကို မေးမြန်းရာ ဇော်မင်းထွန်းက စစ်ပွဲများတွင် ဘေးထွက်ဆိုးကျိုးရှိကြောင်း၊ သောင်းကျန်းသူကို ထောက်ခံလျှင် တိုက်ခိုက်ခံရမည်ဖြစ်ပြီး သေဆုံးသွားသော ကလေးများသည် သောင်းကျန်းသူများ၏ အစိတ်အပိုင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ပဇီကြီးကျေးရွာတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ကလေးငယ်များမှာ သောင်းကျန်သူအဖွဲ့အစည်း၏ အစိတ်အပိုင်းဖြစ် ကြောင်း၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ကာ သေဆုံးသူ ကလေးငယ်များမှာ လေ ကြောင်းတိုက်ခိုက်မှု၏ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပြီး စစ်ပွဲတွင် ဘေးထွက်ဆိုးကျိုးကို ရှောင်လွှဲ၍ မရကြောင်း၊ သောင်း ကျန်းသူ များနှင့်မပေါင်းလျှင်၊ သောင်းကျန်းသူများကို မထောက်ခံလျှင် အဆိုပါနေရာများသို့ တိုက်ခိုက်ရန် အကြောင်းမရှိကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသွားသည်။
