ရန်ကုန်၊ ဧပြီ ၁၈
ရေစကြိုမြို့နယ်၊ ဗလဘရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်မှ တိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၈၀ အရွယ် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း နေအိမ်မှ တိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၈၀ အရွယ် ပြည်သူ ၁ ဦး ခြေတောက်ပြတ် ပြင်းထန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နေအိမ် ၁ လုံးလည်း မီးလောင် ပြာကျခဲ့ပြီး နေအိမ် ၉ လုံးလည်း ထိမှန်ပျက်စီးကာ ဘုန်းကြီးကျောင်းမှ အဆောင်တစ်ခု၊ မီးစက်ရုံ နှင့် အုတ်တံတိုင်းများလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ကျဲသွားတာ ဒဏ်ရာ ပြင်းထန်သူက သေဆုံးသွားပြီလို့ ကြားရတယ်။ သက်သက်ကို ပြည်သူတွေ ဒုက္ခရောက်အောင် စိုးရိမ်သောကနဲ့ ကြောက်စိတ်တွေဖြစ်အောင် လုပ်နေတဲ့သဘောပဲ အဲဒီညနေမှာ လေကြောင်းတိုက်ခိုက်ပြီး ၂၅၈ တပ်က ဟောင်ဝှစ်ဇာ နဲ့ ၃ ကြိမ်လောက် ရွာတွေကို ပစ်ခတ်ခဲ့သေးတယ်။ အထိအခိုက်တော့ မကြားရသေးဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar










