30 C
Yangon

ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်

Must read

ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၈

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ကိုအောင်စိုး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရသော ကိုအောင်စိုးကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် တပ်သားသစ်အဖြစ် စုဆောင်းပြီးနောက် ကော့သောင်းမြို့ အခြေစိုက် ၄၃၁ တပ်ရင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ကိုအောင်စိုးသည် ၄၃၁ တပ်ရင်းတွင် ၁ လကြာ သင်တန်းတက်ရောက်ပြီးနောက် ဧပြီလ ၁၇ ရက်နေ့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ထွက်ပြေး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ သွားရောက်ပြီးတော့ ခေါ်ဆောင်ခဲ့ရတာ အားလုံးပေါင်း ထွက်ပြေးလာတာ ၃ ဦးလို့ သိရတယ်။ ၂ ဦးကတော့ အခုထိ အဆက်အသွယ် လုပ်မလာသေးပါဘူး။ လက်ရှိတော့ စစ်မှုထမ်းသင်တန်း မတက်ခင် ထွက်ပြေးလာတယ် လို့သိရပါတယ်။ ၄၃၁ တပ်ရင်းမှာ တစ်လ လောက်တော့ရှိပြီလို့ပြောပါတယ်။ စုစုပေါင်း ၁၀၃ ယောက်ရှိတယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းကပါ။ မြိတ်မြို့ကလို့သိရပါတယ်။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲထားပါတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်။ ပြည်သူ့ဘက်ပြောင်းချင်တဲ့ စကစ တပ်သားများကို ကျွန်တော်တို့ ပကဖ အဖွဲ့ကနေပြီး ကြိုဆိုလျှက်ပါလို့ပြောချင်ပါတယ်” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက ပြောဆိုသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် ပြည်သူဘက်သို့ ကူးပြောင်း အလင်းဝင်လိုသော မည်သူ့ကိုမဆို လက်ခံကြိုဆိုပါသွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးမြို့ တပ်မ ၇၇ တွင် မွန်းမံ သင်တန်းသားများအဖြစ် သင်တန်း တတ်ရောက်ပြီးစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ စစ်မြေပြင်များသို့ အတင်းအကြပ် စေလွှတ်ခြင်းခံရသော ဒုတပ်စိပ်မှူး ဖြိုးသီဟ နှင့် စစ်မှုထမ်းတပ်သားသစ် မောင်သက်တို့ ၂ ဦးသည် စစ်ကိုင်းမြို့တပ်မ ၃၃ သို့ ရောက်ရှိလာစဉ် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ယနေ့ ဧပြီ လ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ မိသားစုများထံသို့ ပို့ဆောင် အပ်နှင်း ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

“အလင်းဝင်လာတဲ့ တပ်သား မောက်သက်ကိုတော့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်တာလို့ သိရပါတယ်။ တပ်စိပ်မှူး ဖြိုးသီဟ ကတော့ ရပ်ကွက်ရုံးမှာ မှတ်ပုံတင် လုပ်ရင်း ဖမ်းဆီး ခေါ်ဆောင်သွားတာ ၂ ဦးလုံးကတော့ အပတ်စဉ် ၈ ကပါ။ ကျနော်တို့မှာ ဂုဏ်ပြုငွေ ပေးအပ်ချင်ပေမယ့် မတတ်နိုင်သေးပါဘူး။ သက်ဆိုင် အလှူရှင် ပေါ်ပေါက်ခဲ့ရင်တော့ ချိတ်ဆက် ထောက်ပံ့ပေးသွားမှာပါ။ သက်ဆိုင်ရာ CDM supporter တွေနဲ့လည်း ချိတ်ပြီး အထောက်ပံ့ရဖို့ လုပ်ပေးသွားမှာပါ။ ကျ‌န်ရှိနေသေးတဲ့ သူတွေလည်း စကစ အတွက် အသေမခံဘဲ ပြည်သူ့ထံ ခိုလှုံပြီး ပြည်သူနဲ့ တသားတည်း နေနိုင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလာတူး တနင်္သာရီတိုင်း ဘုတ်ပြင်း အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက် ခဲ့ကြောင်း KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ၈ နာရီခန့်တွင် ဘုတ်ပြင်း အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး အောင်ကိုကိုသည် လက်နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးအောင်ကိုကိုသည် တနင်္သာရီတိုင်း တကူကျေးရွာမှ ဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၁ နှစ် ရှိပြီ ဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article