28 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲမှု အမျိုးသမီး ၁ ဦး သေဆုံး၊ ဗလဘ ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ဆင်မရဲရွာမှ အမျိုးသမီး ၁ ဦး သေဆုံးပြီး ဗလဘ ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း အကြမ်းဖက် စစ်တပ်က ဇီးပင်ကုန်းရွာကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင်လည်း ၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ အလယ်သောင်ရွာကိုလည်း ယင်းနေ့ ညပိုင်းတွင် လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းလေကြောင်း တိုက်ခိုက်မှုများအတွင်း ပျက်စီးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၃ ရက်နေ့ ည ၉ နာရီ ၂၅ မိနစ်နှင့် ၂၉ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းကျေးရွာ အရှေ့ဘက်နှင့် ဆင်မရဲကျေးရွာတောင်ဘက်ပိုင်းကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဆင်မရဲကျေးရွာမှ အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ ဝန်းကျင်ဖြင့် ဧပြီလ ၂၀ ရက်‌နေ့မှ စတင်၍ ကြူရွာနှင့် ဆင်ကြို့ရွာသို့ စစ်ကြောင်းထိုး ရောက်ရှိလာပြီး အထိုင်ချတပ်စွဲကာ ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူဆောင်ခြင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါစစ်တပ် စစ်ကြောင်းက ဧပြီလ ၂၁ ရက်နေ့ ကြူရွာမှ ဗလဘ ရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို စိတ်တိုင်းကျ ခိုးယူ လုယက် ယူဆောင်ကာ နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ကြူရွာ၊ ဆင်ကြို့ရွာ၊ ရွာသစ်ရွာ၊ ညောင်ပင်ရွာ၊ ကျော်ထင်ကုန်းရွာ၊ မထီးရွာ၊ အင်းမရွာ၊ ငါးမြာလေးရွာ၊ လေးရာပြည့်ရွာ၊ ဆင်မရဲရွာနှင့် ငါးဖယ်ရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဟင်္သာရွာ၊ အလယ်သောင်ရွာ၊ အလယ်ကျောရွာနှင့် ဇီးပင်ကုန်းရွာ တို့မှ ပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့သွားတဲ့ နေအိမ် အရေအတွက်တော့များတယ်။ ကျနော်တို့ စာရင်းယူနေတုန်းမို့ မခန့်မှန်းနိုင်သေးဘူး။ စစ်ခွေးတွေက ထုံးစံအတိုင်း သူတို့ အုပ်ချုပ်လို့မရတဲ့ နေရာဒေသတွေကို ယုတ်ယုတ်မာ ဖျက်ဆီးပြီး ပြည်သူတွေကို ဒုက္ခပေါင်းစုံပေးနေကြတာပါ” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

လတ်တလော ရေစကြိုမြို့ တောင်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေပြီး ခိုးယူ လုယက် ရမ်းကားမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ပြည်သူများမှာ စစ်ဘေးရှောင်ရင်း ဒုက္ခပေါင်းစုံ ကြုံတွေ့ ခံစားနေရကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article