ရန်ကုန်၊ ဧပြီ ၂၄
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအတွင်းသို့ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၇၀ ကျော်အရွယ် အဘွားအို ၁ ဦးသေဆုံးပြီး အသက် ၈ နှစ် အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ထန်းတပင်မြို့နယ်၊ သောင်ပုချောင်းရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညောင်ခြေ ထောက် အခြေစိုက် အကြမ်းဖက်စစ်တပ်နှင့် ခလရ ၇၃ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရသည်။
ထို့သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် သောင်ပုချောင်ကျေးရွာမှ အသက် ၇၀ နှစ် ကျော်အရွယ် အဘွားအို ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကျည်ထိမှန် ဒဏ်ရာရရှိကြောင်း၊ အသက် ၅၀ ခန့်အရွယ် အမျိုးသမီး ၁ ဦးမှာလည်း နောက်ကျော ခါးအထက်မှ ဝမ်းဗိုက်အတွင်း လက်နက်ကြီးစဖောက်ဝင်ဒဏ်ရာ ရရှိကြောင်း၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးမှာမူ တင်ပါးနှင့်ပေါင် ထိမှန် စိုးရိမ်ရဒဏ်ရာနှင့် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး မျက်နှာထိမှန် မစိုး ရိမ်ရ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်
“စစ်ကောင်စီတပ်တွေ အနေနဲ့ ဒီလိုလုပ်ရက်တွေအတွက် ထိုက်တန်တဲ့တန်ပြန်ပေးဆပ်မှုမျိုးနဲ့ မ ကြာခင် ကြုံရစေမယ်လို့ပဲ ပြောချင်ပါတယ်” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
