စစ်ကောင်စီက အပစ်ရပ်ကြေညာထားချိန်တွင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးသေဆုံးခဲ့
■ စစ်ကောင်စီ၏ လုပ်ရပ်သည် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” ခြင်းဟု KNU က ထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၂၇
အကြမ်းဖက် စစ်ကောင်စီက အပစ်ရပ် ကြေညာထားချိန်တွင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ၁၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာထားသော အကြမ်းဖက် စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ ပြည်သူလူထုပိုင်အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းနှင့် အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိန်းခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ် ပေါင်းများစွာကို ၁၁၀ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ပြည်သူ ၁၄ ဦး နှင့် ကိုရင် ၁ ပါး သေဆုံးခဲ့ပြီး သံဃာတော် ၂ ပါး၊ ကိုရင်ကြီး ၁ ပါး နှင့် အရပ်သား ပြည်သူ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၅ ကျောင်း နှင့် နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၄၃ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ ၅ ဦးသေဆုံးကာ ၁၈ ဦးထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁၆ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ခြင်း ၁ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ် ၄ လုံး နှင့် ဘုရားကျောင်း ၁ ကျောင်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်ဆီးခြင်း လုပ်ဆောင်ခဲ့ပြီး ၎င်းတို့ ထောင်ထားသော မိုင်းနင်းမိကာ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်မှ အပစ်အခတ် ရပ်စဲရေး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ယင်းထုတ်ပြန်ချက်သည် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ “လူသားချင်းစာနာထောက်ထားမှု အကူအညီများ” ကို ၎င်းထံသို့ စီးဆင်းစေရန် ရည်ရွယ်ချက်ဖြင့်သာ ထုတ်ပြန်ခြင်းဖြစ်ပြီး လက်တွေ့တွင် ၎င်းတို့ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများ အုပ်ချုပ်ထားနိုင်သည့် မြို့ရွာများရှိ ပြည်သူလူထုများကို အဓိက ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
စစ်ကောင်စီတပ်သည် ကြေညာထားသော အပစ်ခတ် ရပ်စဲရေး ကြေညာချက်နှင့် ၎င်းတို့၏ လက်တွေ့ လုပ်ရပ်များသည် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သကဲ့သို့ ဖြစ်နေပြီး ပြည်သူ လူထုများ အနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကို တပြိုင်နက်တည်း ခံစားနေကြရသောကြောင့် KNU အနေဖြင့်လည်း ပြည်သူလူထုများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် ကာကွယ်ရေး အစီအမံများအား အဆက်မပြတ်လုပ်ဆောင်နေရမြဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။



