33 C
Yangon

စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကျော်ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းဟု စစ်ကောင်စီက ပြောပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်တန်း အဖြေလွှာများ ပျက်စီးခဲ့သည့် ကျောင်းသား ၆၃၀၀၀ ကို ဂုဏ်သိက္ခာရှိစေရန် အအောင်မပေးဘဲ စာမေးပွဲ ပြန်ဖြေခိုင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ၎င်း၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ပြောဆိုပြန်သည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်းခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ အဖြေလွှာများမှာ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများ ဖြေဆိုထားသော အဖြေလွှာများဖြစ်ကြောင်း၊ ထို့ကြောင့် အဖြေလွှာပျက်စီးခဲ့ရသည့် ကျောင်းသားကျောင်းသူများကို လာမည့် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းရန် စစ်ကောင်စီက ကြေညာခဲ့သည်။

“ဂုဏ်သိက္ခာရှိဖို့ဆိုတာက မန္တလေးငလျင်ကြောင့် အကုန်အအောင်ပေးလိုက်တယ်ဆိုပါစို့။ ဒါအဆို အကုန်အအောင်ပေးလိုက်တဲ့ခေတ်မှာ အောင်လာကြတဲ့ ကျောင်းသားကျောင်းသူတွေဆိုပြီး တချို့က ပြောလာကြမှာ ဖြစ်ပါတယ်။ ဒီလိုအပြောခံနိုင်ပါ့မလားဆိုတာလည်း စဉ်းစားကြရပါတယ်။ ဘာပဲပြောပြော ကျောင်းသားကျောင်းသူတွေ အားလုံးဟာ ကိုယ့်ရဲ့ မာန်မာနလေးတွေ ကြိုးစားအားထုတ်မှုလေးတွေကို ပြချင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်သိက္ခာရှိဖို့အတွက် စာမေးပွဲကို ပြန်လည်ကျင်းပခြင်းလည်းဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချောချာစိန်က စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ပြောဆိုထားသည်။

ဇွန်လအတွင်း ပြန်လည် စစ်ဆေးမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသားကျောင်းသူ ၆၃၀၀၀ ကျော်ကို ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး စာစစ်ဌာန ၂၀၀ နီးပါး ဖွင့်လှစ်မည်ဖြစ်​ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်သီတာကမူ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည် စစ်ဆေးခြင်းမှာ တရားမျှတမှုအတွက် ပြန်လည်စစ်ဆေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“စာမေးပွဲ ဖြေဆိုပြီး အောင်မြင်မှုရခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရရှိစေပြီးတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အခြားသူတွေအတွက် မျှတမှုကို လုပ်ဆောင်နိုင်စေမှာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမှ ကျောင်းသားမိဘ ပြည်သူအများစုကမူ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သည့်အချိန်က ငလျင်လှုပ်ခတ်ခြင်းမရှိ၍ စိတ်အေးသက်သာစွာ ဖြေဆိုနိုင်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း ပြန်လည် စစ်ဆေးသည့်အချိန်မှာမူ ငလျင်ဒဏ်ကြောင့် အိမ်ပြို စီးပွားပျက် မိသားစုဝင်များ သေဆုံးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသားများအနေဖြင့်လည်းကောင်း၊ မိဘများအနေဖြင့်သော်လည်းကောင်း စာမေးပွဲကိုပြန်လည် ဖြေဆိုရန်မှာ မလွယ်ကူကြောင်း သုံးသပ်ပြောဆိုကြသည်။

“ဒီအဖြေလွှာတွေ ပျက်စီးခဲ့တာက သဘာ၀ဘေးကြောင့်ဖြစ်တာ။ ကျောင်းသားတွေမှာလည်း ပြန်ဖြေရမယ့် တာဝန်မရှိဘူး။ အကုန်အအောင်ပေးရင်တော့ ဒါကြီးကို စိတ်ပူစရာမလိုတော့ဘူး။ အခု ငလျင်ကြောင့် အားလုံး ဒုက္ခရောက်နေကြတာဆိုတော့ စိတ်အေးလက်အေး စာမေးပွဲ ဖြေနိုင်ဖို့ ခက်ပါတယ်” ဟု မဟာအောင်မြေမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article