32 C
Yangon

အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် ငလျင်ကြောင့် သေဆုံးသူ ၇ ဦးအတွက် ထောက်ပံ့ကြေး ကျပ်သိန်း ၇၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ညွန့်ဝေက ကျန်ရစ်သူမိသားစုများကို မပေးဘဲ ဖြတ်ယူသုံးစွဲ

Must read

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် ငလျင်ကြောင့် သေဆုံးသူ ၇ ဦးအတွက် ထောက် ပံ့ကြေး သိန်း ၇၀ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ညွန့်ဝေက ကျန်ရစ်သူမိသားစုများကို မပေးဘဲ ဖြတ်ယူသုံးစွဲထားကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းတွင် သေဆုံးမှုများပြားခဲ့ရာ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်အတွင်းတွင်လည်း ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၇ ဦးမှာ ဒေါ်မြမြ ၊ဦးညွန့် ဝင်း၊ ဒေါ်လှရည်၊မဂျမ်း အပါအဝင် ပြည်သူ ၇ ဦးဖြစ်ကြောင်း၊ ငလျင်ကြောင့် သေဆုံးသူ ၇ ဦးအတွက် ထောက်ပံ့ကြေး သိန်း ၇၀ ကို စေတနာရှင်များက လာရောက်လှူဒါန်းခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ညွန့်ဝေက ကျန်ရစ်သူ မိသားစုများထံသို့ မပေးဘဲ ကိုယ်ကျိုးအဖြစ် ဖြတ်ယူသုံးစွဲလိုက်ကြောင်း သိရှိရသည်။

“အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်မှာ အုပ်ကြီး ညွန့်ဝေကမင်းသားစည်ဖြိုး ပေးခဲ့တဲ့ သေဆုံးသူ ၇ ဦးအတွက် ထောက်ပံ့ကြေး သိန်း ၇၀ ကို ကျန်ရစ်သူ မိသားစုတွေဆီကို မပေးဘဲ ဥက္ကဋ္ဌ ညွန့်ဝေ နဲ့ သူ့လက် အောက်ခံ ဂေါက်တုံး ခေါ် ဇော်ဖုန်းမြင့်၊ အပေါင်းအပါတွေက ခွဲဝေယူသွားတယ်။ အဲဒါ သက်ဆိုင်ရာ ပရဟိတကအဖွဲ့က ရပ်ကွက်ဥက္ကဋ္ဌဆီကနေ ကျန်ရစ်သူမိသားစုတွေဆီ ပေးဖို့ လှူထားတာ ရလား လာမေးမှ အဲဒီငွေတွေ မရမှန်း ကျန်ရစ်သူမိသားစုတွေက သိရတာ။ တစ်ဦးမှ မရကြဘူး။ ဒါ့အပြင် ငလျင်ဘေးအတွက် လာလှူတဲ့ဟာမှန်သမျှကို ရပ်ကွက်လူကြီး ညွန့်ဝေ အမျိုးနဲ့ သူတို့ လူတွေချည်းပဲ အကုန်ယူကြတယ်” ဟု ငလျင်ကြောင့် သေဆုံးသူ ၁ ဦး၏ ကျန်ရစ်သူမိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် အမရပူရ ဆင်စွယ်ပွတ်ရပ်ကွက်မှ ဆယ်အိမ်ခေါင်း ဂေါက်တုံး (ခ) ဇော်ဖုန်းမြင့်က ငလျင်ဘေးအတွက် အလှူရှင်များက လာရောက်လှူဒါန်းသမျှကို ၎င်း၏ မိသားစု ၊ သူ့သားမိသားစု၊ သူ့သမီးမိသားစု၊ သူ့အစ်မ ၂ ဦး မိသားစု စုစုပေါင်း မိသားစု ၅ ဦးစာ အမြဲထုတ်ယူသည့်အပြင် ငွေကြေးမှန်သမျှကိုလည်း ရပ်ကွက်ဥက္ကဋ္ဌနှင့်ပူးပေါင်း၍ ဖြတ်စားလျက်ရှိကြောင်း သိရှိရသည်။

“ဆယ်အိမ်ခေါင်း ဂေါက်တုံး(ခေါ်) ဇော်ဖုန်းမြင့်နဲ့ အမျိုး အိမ်တွေက မြေစိုက်အိမ်။ ငလျင်လှုပ်တော့ ဘာမှ မပျက်စီးပါဘူး။ အဲဒါကို သူ့မိသားစုနဲ့ အမျိုးတွေမှန်သမျှ တစ်အိမ်ထောင် ငွေ ၁ သိန်း၊ ဆန် ၁၂ ပြည်၊ ဆီ ၂ ဘူး ခြင်ထောင် ၁ လုံး၊ ခွက် ခေါက်ဆွဲ ဆပ်ပြာခဲ ဆပ်ပြာမှုန့် အဲဒါတွေကို မိသားစု ၅ စုစာ အမြဲ ယူတယ်။ နောက်တစ်ဦးက ပြားကြီး ခေါ် ကျော်မျိုးထွဋ်ပေါ့။ သူလည်း ရပ်ကွက် ဆယ်အိမ်ခေါင်းပဲ။ လာသမျှ အကုန် အိတ်ထဲထည့်တာ။ ငလျင်ဘေးသင့်ပြည်သူကတော့ သူတို့ပိုမှ သူတို့ ပေးသလောက်ပဲရတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

မန္တလေးတွင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးသည်မှာ ၁ လကျော်ကြာမြင့်သွားပြီဖြစ်သော်လည်း ပြည်သူများမှာ စစ်ကောင်စီထံမှ မည်သည့် အထောက်အပံ့မှ မရှိဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်လှုပ်ရှားနေရကြောင်း ငလျင်ဘေးသင့်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးမှ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် တိုက်တာများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးမှ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် တိုက်တာများ
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article