“ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတွေ သုံးသွားတာ Cluster Bomb အမျိုးအစားပါ”
ယနေ့ မေလ ၁၂ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင် ကျောင်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်သူ ၂၂ ဦး သေဆုံးခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ဒီနေ့ ဘယ်အချိန်လောက်က လေကြောင်းနဲ့ဗုံးကျဲ ခံရတာလဲ ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲ။
ဖြေ။ ။ ဒီနေ့ နံနက် ၉ နာရီ ၃၅ ဝန်းကျင်နေမှာပေါ့။ လေယာဉ်စတင်ဝဲပြီး ပစ်ခတ်သွားပါတယ်။ ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ။
မေး။ ။ လေယာဉ်နဲ့ ပေါင် ဘယ်လောက်ဗုံးကျဲသွားတာလဲ။
ဖြေ။ ။ ဂျက်ဖိုက်တာနဲ့ ပစ်သွားတယ်။ ပေါင် ကတော့ ကျွန်တော်တို့ ပြောမရဘူး သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲ သုံးဆင့်ကွဲ တွေ သုံးသွားတာ များပါတယ်။ ကျောင်းပေါ်မှာ ပစ်ပြီးတော့ မြေပြင်ပေါ်မှာက ပြန့်ကျဲသွားတဲ့ ပုံစံရှိပါတယ်။ ကျသွားတဲ့ နေရာကနေ ထပ်ဆင့်ကွဲတာတွေလည်း ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။
မေး။ ။ Cluster Bomb အမျိုးအစားလား။
ဖြေ ။ ။ ဟုတ်ကဲ့ Cluster Bomb အမျိုးအစားပါ။
မေး။ ။ အခုလက်ရှိ သေဆုံးသူနဲ့ ဒဏ်ရာရသူစာရင်း ဘယ်လောက်အထိ ကောက်ခံရရှိထားလဲ။
ဖြေ။ ။ သေဆုံးသူအရေအတွက်စာရင်းကို မြေပြင်မှာ ကျွန်တော်တို့ ကွင်းဆင်းပြီး ကောက်ခံရရှိချက်အရ ၂၂ ဦး ပွဲချင်းပြီး သေသွားပါတယ်။ ဒဏ်ရာရတာကတော့ ၄၀ ကျော် ရှိပါတယ် ။ အဲဒါတွေကတော့ အရေအတွက်ကို အတိအကျဖော်ပြလို့ မရသေးပါဘူး။
မေး။ ။ ဒဏ်ရာရ ၄၀ ထဲမှာ ပြင်းထန်ဒဏ်ရာရသူတွေ ပါလား။
ဖြေ။ ။ ပြင်းထန်ဒဏ်ရာရသူတွေ အများကြီး ပါဝင်ပါတယ်။
မေး။ ။ သေဆုံးတဲ့ထဲမှာ အငယ်ဆုံး အသက်ဘယ်လောက်လောက် ကလေးလေးတွေ ပါဝင်လဲ။
ဖြေ။ ။ ၈ နှစ်က စပြီး အငယ်ဆုံးပါဝင်ပါတယ်။ ၁၇ ၊ ၁၈ က စပြီး ကလေး သူငယ်ထဲမှာတော့ အကြီးဆုံးပါဝင်ပါတယ်။ Volunteer ဆရာမတွေအနေနဲ့ကတော့ ၂၃ ၊ ၂၄ ပါဝင်ပါတယ်။
မေး။ ။ ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးပြောချင်တာရှိလဲ။
ဖြေ။ ။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို စကစအနေနဲ့ ကျူးလွန်တာက တစ်ကြိမ်လည်း မဟုတ်တော့ဘူး ၊ နှစ်ကြိမ်လည်း မဟုတ်တော့ဘူး ပြည်သူတွေ အားလုံးနေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဒါက ဒုက္ခဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စကစကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်တော့ဘူးလား၊ ဒါမှမဟုတ်လို့ ရှိရင် သူ့ကို ထောက်ခံပေးနေတဲ့ နိုင်ငံတွေကို ဒီလောက်ကြီးထိ ကြမ်းတမ်းယုတ်မာနေတဲ့ လုပ်ရပ်တွေကို မမြင်ဖူးလား ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့သားတွေအနေနဲ့ကတော့ ကျွန်တော်တို့နဲ့ ထပ်တူခံစားပြီးတော့ ဒီကိစ္စကို အစွမ်းကုန်တရားမျှတမှုရရှိသွားအောင်ပါဝင်သွားပါမယ်လို့ ပြောချင်ပါတယ်။


