33.1 C
Yangon

မန်တုံ၊ မိုင်းငေါ့နှင့် နောင်ချိုမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

Must read

မန်တုံ၊ မိုင်းငေါ့နှင့် နောင်ချိုမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော မန်တုံ၊ မိုင်းငေါ့နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချပြီး လက် နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့၏ ဆက်သွယ်သတင်းပေးချက်၊ TNLA နှင့် ဒေသသတင်းရင်းမြစ် Northern Shan State News၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီက မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်အနီး လူနေအိမ်များပေါ်သို့ တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် မန်တုံ တစ်မြို့လုံး တုန်ဟီးစေသော ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ် လုပ်ဆောင်တာ။ ပေါက်ကွဲသံကြီးက တစ်မြို့လုံးတုန်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ရှမ်းမြောက် ဒေသသတင်းရင်းမြစ်ဖြစ်သော Northern Shan State Newsက မန်တုံမြို့ပေါ်တွင် လေကြောင်းဖြင့် ဗုံးကျဲခံရမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း၊ အခြား ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိ​ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ည ၇ နာရီ ၄၀ မိနစ်နှင့် ည ၇ နာရီ ၄၂ မိနစ်အချိန်တို့တွင် TNLA က ထိန်းချုပ်ထားသော ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ထို့အတူ မေလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA တပ်များ တည်ရှိရာ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း တစ်နိုင်ငံလုံးတွင် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- Northern Shan State News ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article