25.6 C
Yangon

တရုတ်က မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ပြောဆိုပြီး ရှမ်းမြောက်အရေးတွင် ဝင်ရောက်စွက်ဖက်နေမှု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေဟု SAC-M က ထောက်ပြ

Must read

တရုတ်က မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ပြောဆိုပြီး ရှမ်းမြောက်အရေးတွင် ဝင်ရောက်စွက်ဖက်နေမှု မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေဟု SAC-M က ထောက်ပြ

ရန်ကုန်၊ မေ ၁၇

တရုတ်နိုင်ငံက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင် မစွက်ဖက်ရေးမူဝါဒကို လက်ကိုင်ပြုသည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအရေးတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်နေမှုမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထောက်ပြပြောဆိုသည်။

တရုတ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ထပ်ခါတလဲလဲ အခိုင်အမာဆိုလေ့ရှိသော်လည်း၊ မြန်မာ နိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၎င်း၏ ကြားဝင်စွက်ဖက်မှုများမှာ မိမိအကျိုးစီးပွားကိုသာ ရှေးရှုနေသည်ကို ပြသနေကြောင်း၊ ထိုသို့သော လုပ်ရပ်များသည် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေကြောင်း၊ တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဆုတ်ခွာရန် သဘောတူခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာဖြစ်သည့် လားရှိုးမြို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ညှိနှိုင်းပေါင်းစပ်ကာ ထိုးစစ်ကြီးဆင်နွှဲ၍ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဤအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုများအတွက် အလွန်အမင်း အထိအခိုက် အဆုံးအရှုံးများ ရှိခဲ့သော်လည်း၊ မြန်မာစစ်တပ်အဖို့မူ သမိုင်းတလျှောက် အထင်ရှားဆုံး ရှုံးနိမ့်မှုကြီးများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီအတွက် တရုတ်နိုင်ငံ၏ စစ်ရေးအထောက်အပံ့ပေးမှုနှင့် မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုမှာ လွဲမှားစွာ လောင်းကြေးထပ်ထားခြင်း ဖြစ်ကြောင်း SAC-M က ပြောသည်။

လားရှိုးမြို့တွင် နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများ၊ တရုတ်ကျောထောက် နောက်ခံပြု အခြေခံအဆောက်အအုံများ၊ ဒါဇင်နှင့်ချီသော မြို့များနှင့် စစ်စခန်း အများအပြားရှိနေသည်။

MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မြို့လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြသော တော်လှန်ရေးသမား ရာပေါင်းများစွာ၏ ပေးဆပ်စွန့်လွှတ်မှုများကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်ဟု ‌‌SAC-M က ပြောသည်။

“လားရှိုး မြိုသိမ်းတိုက်ပွဲကြောင့် တော်လှန်ရေးအင်အားစုများအတွက် အလွန်အမင်း အထိအခိုက် အဆုံးအရှုံးများ ရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀ ဦး ကျဆုံးခဲ့ပြီး ၁၀၀၀ ဦး ဒဏ်ရာရရှိခဲ့သည်” ဟု ဆိုသည်။

မြန်မာ့အရေးကို ကြားဝင်စွက်ဖက်ခြင်းက တရုတ်အနေဖြင့် စစ်ကောင်စီကို ကယ်တင်နိုင်မည် မဟုတ်သည့်အပြင် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ရှည်ကြာစေရုံသာမက စစ်မှန်သော ငြိမ်းချမ်းရေး ရောက်ရှိလာမှုကိုလည်း နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်ဟု SAC-M က ပြောဆိုထားသည်။

ဓာတ်ပုံ- အညာဒေသတွင် တရုတ်အလံကို မီးရှို့၍ စစ်တပ်ဘက်မှ တရုတ်အစိုးရ ရပ်တည်နေမှုကို ကန့်ကွက်ဆန္ဒပြကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article