ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို ပစ်သတ်ကာ ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်က စတင်ပြီး ကျောက်ခွက်ကျေးရွာအုပ်စု အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျောက်ဆွယ်ရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ထန်းတောရွာနှင့် ကျောက်ခွက်ရွာကိုလည်း ထပ်မံ ဝင်ရောက် စီးနင်းပြီး ထန်းတောရွာမှ ကိုကျော်ဝင်းနှင့် ကျောက်ခွက်ရွာမှ ကိုစံလှိုင်ထွန်းတို့ကို ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်ခွက်ရွာ ဘုန်းကြီးကျောင်းတွင် လက်နက်ကြီးများတပ်ဆင်ထားပြီး ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးထားသည့် ပြည်သူများထဲမှ ပြည်သူ ၂၀ ခန့်ကို မေလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိနေသော ပြည်သူများကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ သတင်းကြားထားတာက ပြည်သူ ၄ ဦးကို သတ်ဖြတ်တယ်လို့ သိထားရပေမယ့် အတည်ပြုနိုင်တာတော့ ၂ ဦးပဲရှိတယ်။ စစ်ခွေးတွေက ကျောက်ခွက်ရွာ ဘုန်းကြီးကျောင်းထဲမှာပဲရှိသေးတယ်။ သူတို့ ဖမ်းဆီးထားတဲ့ ပြည်သူ တစ်ဝက်လောက်ကို ပြန်လွှတ်လိုက်ပေးမယ့် ကျန်နေတဲ့ သူတွေကိုတော့ ဆက်လက် ဖမ်းဆီးထားတုန်းပဲ အခုအင်အားတွေ ထပ်တိုးထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျောက်ခွက်ရွာထဲ တပ်စွဲထားသောကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
