အမေရိကန်တွင် ရွှေပြောင်းနေထိုင်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ မြန်မာ ၂ ဦး နှင့် ဗီယက်နမ် အပါအဝင် နိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူ တစ်ဒါဇင်ခန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မူလနိုင်ငံသို့ မပို့ဘဲ တောင်ဆူဒန်သို့ ပို့ဆောင်လိုက်ကြောင်း အမေရိကန်မှ လာသော သတင်းများအရ သိရှိရသည်။
တောင်ဆူဒန်သို့ ပို့လိုက်သည့် ရွှေ့ပြောင်းများထဲတွင် မြန်မာအမျိုးသား ၂ ဦး ပါဝင်နေခြင်းဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူများအရေး ထောက်ခံလှုပ်ရှားသည့် ရှေ့နေများက ထရမ့်ကို စွပ်စွဲထားပြီး ၎င်းတို့အား ပြန်ရနိုင်ရန် ရှေ့နေများက တရားသူကြီးထံ တောင်းဆိုထားကြောင်း သိရသည်။
ရွှေ့ပြောင်းများကို တောင်အာဖရိကသို့ ပို့ဆောင်မည့်အကြောင်း အီးမေးလ်ကို လက်ခံရရှိခဲ့သော်လည်း အမှန်တကယ် ပို့ဆောင်သည့် နိုင်ငံမှာ တောင်ဆူဒန်ဖြစ်နေကြောင်း ရှေ့နေများက ဆိုသည်။
တောင်ဆူဒန်အပို့ခံရသည့် မြန်မာအမျိုးသားမှာ ထရမ့်အစိုးရ၏ လွှဲပြောင်းစာရွက်အပေါ် လက်မှတ်ထိုးထားခြင်းမရှိကြောင်းနှင့် မူလဇာတိနိုင်ငံသို့ မပို့ဘဲ တောင်ဆူဒန်ပို့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။
ဆူဒန်သို့ အပို့ခံရသည့် မြန်မာ ၂ ဦးမှာ ကျော်မြနှင့် ညိုမြင့်တို့ဖြစ်ပြီး ကျော်မြမှာ အသက် ၁၂ နှစ်အောက်ကလေးကို ညှင်းပန်းနှိပ်စက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချခံခဲ့ရကာ ၄ နှစ်ပြည့်တွင် ခံဝန်ဖြင့် လွတ်မြောက်လာသူဖြစ် ကြောင်း၊ အခြားမြန်မာမှာ ညိုမြင့် ဖြစ်ပြီး ၎င်းမှာ လိင်ပိုင်းဆိုင်ရာပြစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။
ရွှေ့ပြောင်းအရေး ထောက်ခံလှုပ်ရှားသူ ရှေ့နေများက ထရမ့်၏ လုပ်ရပ်အား အပြစ်ပေးအရေးယူနိုင်ရန် အမေရိကန်ခရိုင်တရားသူကြီး ဘရိုင်ယန်မာဖီ ထံသို့ တင်ပြ တောင်းဆိုထားကြောင်း သိရသည်။
တရားသူကြီး ဘရိုင်ယန်မာဖီ သည် ရွှေ့ပြောင်းအခြေချသူများအား တရားရုံးတွင် ကြားနာခြင်းမရှိဘဲ မူရင်းဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံများသို့ ပို့ဆောင်ခြင်းကို တားမြစ်မိန့်ချမှတ်ထားသူ ဖြစ်သည်။
ရွှေ့ပြောင်းအခြေချသူများအပေါ် ထရမ့်၏ လုပ်ရပ်က ဥပဒေအား မထီမဲ့မြင် ပြုလုပ်နေသည်ဟု ရှေ့နေများက စွပ်စွဲပြစ်တင်ထားကြသည်။
ယခု ပို့ဆောင်ခံရသည့် ရွှေ့ပြောင်းများမှာ တက္ကဆက်ပြည် လော့ဖရန့်နော့စ် ထိန်းသိမ်းရေးစင်တာမှာ ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ၎င်းတို့ကို ယင်းမှတစ်ဆင့် တောင်ဆူဒန်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ ပြန်လည်ဖြစ်ပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများနှင့် ရွှေ့ပြောင်းအချေနေထိုင်သူများကို စိစစ်တင်းကျပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး မူလနိုင်ငံများသို့ ပြန်ပို့နေခြင်းဖြစ်သည်။
