အာရက္ခတပ်တော် AA ၊ ပလောင် TNLA နှင့် ကိုးကန့် MNDAA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရေး ၁ လ ထပ်မံတိုးမြှင့်ကြောင်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးခြင်းဖြစ်ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
စစ်ကိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ပြားတွင် မတ်လ ၂၈ ရက်နေ့မှ၃၀ ရက်နေ့အထိ ရက်များအတွင်း လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေတိုက်တာ အဆောက် အအုံများ၊ သာသနိက အဆောက်အအုံများနှင့်သမိုင်းဝင် အမွှေအနှစ်များကို ရှင်းလင်းဖယ်ရှားရန်၊ ငလျင်အပျက် အစီး အဆောက်အအုံများအကြား အသက်ရှင်ကျန်ရစ်သော လူနှင့်အိမ်မွေးတိရစ္ဆာန်များ ကို ရှာဖွေယ်ကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်စဲသော ထုတ်ပြန်ချက်ကို မဟာမိတ် ၃ ဖွဲ့က ဧပြီလ နှင့် မေလ ၂ လကြာ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် ၂ လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မရှိသည့်အပြင် မိုးသည်းထန်စွာ ရွာသွန်း၍ အဆောက်အအုံများ ထပ်မံပြိုကျပျက်စီးမှုများရှိနေသေးကြောင်း၊ ထို့ကြောင့် နောက်ဆက်တွဲလုပ်ငန်းများနှင့် ဆက်စပ်သော လုပ်ငန်းများ ဆက်လက်ဆောင် ရွက်နိုင်ရန် အချိန်ထပ်မံ လိုအပ်သောကြောင့် ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလကို ထပ်မံ၍ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
အကြမ်းဖက်စစ်ကောင်စီကလည်း ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ယာယီ အပစ်အခတ်ရပ်စဲထားမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း လက်တွေ့တွင်မူ လေကြောင်းတိုက်ခိုက်မှုများနှင့်စစ်ကြောင်းထိုးမှုများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၅၀၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၄၃၆ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က မတ် ၂၈ ရက်နေ့မှ မေ ၂၃ ရက်နေ့အတွင်း ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၀၅ ကြိမ် အထိ ပြုလုပ်ခဲ့ရာ ပြည်သူ ၄၃၆ ဦးသေဆုံးပြီး ၈၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
