ရန်ကုန်၊ ဇွန် ၁၃
မွန်ပြည်နယ်၊သထုံမြို့နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဦးဝင်းဇော်ဦးကို စစ်သားနှင့်ရဲများက ရိုက် သတ်လိုက်ပြီး သေဆုံးသူအလောင်းတွင် ဦးခေါင်းခွံနှင့် တစ်ကိုယ်လုံးဒဏ်ရာအပြည့်ရှိနေကြောင်း သေဆုံးသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်၊ အောင်မြေရွှေဘုံ ၂ လမ်းနေ အသက် ၅၀ နှစ်အရွယ် ဦးဝင်းဇော်ဦးကို စစ်တပ်နှင့်ရဲများက လိုင်စင်မဲ့ ဘေးတွဲ ဆိုင်ကယ် စီးနင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်မောင်းနှင်မှုဖြင့် သထုံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ဇွန်လ ၉ ရက်နေ့တွင် ဦးဝင်းဇော်ဦး သေဆုံးသွား၍ အလောင်းလာယူရန် မိသားစုထံသို့ သထုံမြို့နယ် ရဲစခန်းက အကြောင်းကြားလာကြောင်း သိရှိရသည်။
“ဦးဝင်းဇော်ဦးက သူ့ကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှု ဖမ်းတော့ Complaint တက်တယ်။ တပ်ရော ရဲရော ဝန်ထမ်းတွေရော လိုင်စင်မဲ့ စီးနင်းနေကြတာ သူ့မှ ဘာလို့ဖမ်းလဲပေါ့ ။ အဲဒါကို အငြိုးထားပြီး ရိုက်သတ်လိုက်တာပဲ။ ဖမ်းခံရတာက ဇွန်လ ၄ ရက်နေ့ ။ ရိုက်သတ်လိုက်တာက ဇွန်လ ၉ ရက်နေ့။ သူ့ကို ရုံးထုတ်တော့ မိသားစုကို သူ နှိပ်စက်ခံနေရတာပြောတယ်။ မိသားစုကလည်း ရုံးထုတ်ပြီးလို့ အမိန့်ချလိုက်ရင် ပြီးသွားမှာပါ ခဏစောင့်ပါဦးဆိုပြီး သူ့ကို ဖေးမထားတာ။ ဇွန်လ ၉ ရက်နေ့မှာ အလောင်းလာယူခိုင်းတယ်။ အလောင်းမှာ ဦးခေါင်းခွံဒဏ်ရာနဲ့ တစ်ကိုယ်လုံးဒဏ်ရာတွေအပြည့် နှိပ်စက်ခံထားရတာ”ဟု မိတ်ဆွေတစ်ဦးက ရှင်းပြသည်။
ယင်းနောက် သထုံမြို့နယ်ရဲစခန်းက ဦးဝင်းဇော်ဦး သေဆုံးမှုကို ဦးနှောက်သွေးကြောပြတ်၍ သေဆုံးသည်ဟု ဆေးစာတွင် လိမ်လည်ရေးသားသည့်အပြင် ကျန်ရစ်သူမိသားစုထံသို့ ငွေကျပ် ၂ သိန်း လာပေးကြောင်း၊ ဇွန်လ ၁၂ ရက်နေ့နံနက်ပိုင်းမှ အလောင်းကိုလည်း ရင်ခွဲရုံမှ ထုတ်ယူခွင့်ပေးကြောင်း ၊ ဦးဝင်းဇော်ဦးကို စစ်တပ်နှင့်ရဲများက ရိုက်နှက်သတ်ဖြတ်လိုက်သည့်သတင်းကိုလည်း လူမှုကွန်ရက်နှင့်အင်တာနက်ပေါ် ဖြန့်ဝေခြင်းမပြုရန် ခြိမ်းခြောက်မှုများ ရှိနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
