ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၂ ဦးအပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက် ည ၁၀ နာရီ ၁၀ မိနစ်က မုံရွာမြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ လုံးလုံး နမခ တပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး အရာရှိ ၃ ဦးနှင့် အခြားအဆင့်စစ်သည် ၇ ဦး ထိခိုက် ဒဏ်ရာရကာ တပ်တွင်းဆေးခန်းတွင် ကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းရှိ စစ်ဆင်ရေးရုံးနှင့် လေ့ကျင့်ရေးရုံးရှိရာ အဆောက်အဦးကို ထိမှန်ခဲ့ပြီး ရုံး ၂ ရုံးလုံးပျက်စီးခဲ့ကြောင်း၊ ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်လည်း မီးလောင် ပျက်စီးခဲ့ပြီး အရာရှိကြီး နေအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ရှေ့ဆက်ပြီးလည်း ပိုမိုထိရောက်တဲ့ မစ်ရှင်တွေကို ဆက်လက် ဖော်ဆောင်သွားပါ့မယ်လို့ ပြည်သူကိုအသိပေးချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၏ ဦးဆောင်စီမံမှုဖြင့် မဟာမိတ်အဖွဲများဖြစ်သော Shadow (မုံရွာ)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းနှင့် Justice Brothers Force အဖွဲတို ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထိခိုက်မှု အခြေအနေများသည် BWM အနေဖြင့် လက်လှမ်းမီသော စုံစမ်းထောက်လှမ်းမှုများထဲမှ တူညီသော အချက်အလက်များကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရပြီးနောက် တိုင်းစစ်ဌာနချုပ်ဝင်းထဲတွင် နေထိုင်သော အရာရှိနှင့်စစ်သည်များ ၊ မိသားစုဝင်များအားလုံးမှာ ကြောက်လန့်နေပြီး ဇွန်လ ၁၅ ရက်နေ့ ညပိုင်းမှစတင်၍ ည ၉ နာရီအချိန်မှစတင်၍ လိုင်းခန်းများ၊ အစည်းအဝေးခန်းများ၊ တပ်ရုံးခန်းများတွင် မီးများအားလုံး ပိတ်ထားရမည်ဟု တိုင်းမှူးက အမိန့်ထုတ်ထားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နမခတွင် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော် တက်ရောက်ခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
