25.1 C
Yangon

စစ်ကိုင်း ငလျင်ကြောင့် ပြိုကျခဲ့သော မန္တလေးနန်းမြို့ရိုးကို ပြန်ပြင်ပေးရန်နှင့် မယ်နုအုတ်ကျောင်း အပါအဝင် ရှေးဟောင်းနေရာ ၂၇ ခုကို လေ့လာဆန်းစစ်ပေးရန် စစ်ကောင်စီက တရုတ်ကို အကူအညီတောင်း

Must read

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျခဲ့သော မန္တလေးနန်းမြို့ရိုးကို ပြန်ပြုပြင်ပေးရန် နှင့် တောင်သမန်ကျောက်တော်ကြီး၊ မက္ခရာရွှေစည်းခုံ၊ မယ်နုအုတ်ကျောင်း အပါအဝင် ရှေး ဟောင်းနေရာ၂၇ ခုကိုလည်း ပြန်လည်ပြင်ဆင်ရေး လေ့လာဆန်းစစ်ပေးရန် စစ်ကောင်စီလက် အောက်ခံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တရုတ်နိုင်ငံကို အကူအညီတောင်းလိုက်သည်။

ဇွန်လ ၁၆ ရက်နေ့ မန္တလေးတွင် စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် နှင့်အဖွဲ့က တရုတ် National Cultural Heritage Administration နှင့် Shaanxi Provincial Cultural Heritage Administration မှ ပညာရှင်အဖွဲ့ကို​ တွေ့ဆုံခဲ့ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးနှင့် စစ်ကိုင်းမှ ရှေး ဟောင်း အဆောက်အအုံများနှင့်ပတ်သက်၍ အကူအညီတောင်းခံလိုက်ခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် မန္တလေးနန်းမြို့ရိုး၊ ပြအိုး၊ ပြာသာဒ်များ၊ နန်းတော်နှင့်ရှေးဟောင်းအဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် အတွက် တရုတ်ပညာရှင် အဖွဲ့က ဝိုင်းဝန်း ပူးပေါင်းကူညီထိန်းသိမ်းပေးစေလိုကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးအနေဖြင့် မန္တလေးနန်းမြို့ရိုးပတ်လည်ဧရိယာရှိ မြို့ဝင်ပေါက်၊ သူရဲပြေး၊ သူရဲခို၊ ပြအိုး၊ ပြာသာဒ်၊ မီးတား အင်္ဂါအပြည့် အစုံပါသော တစ်နေရာကို ပြုပြင်ပေးရန် စစ်ကောင်စီက တောင်းဆိုသည်။

ထို့ပြင် ငလျင်ကြောင့် ပျက်စီးသွားသော တောင်သမန်ကျောက်တော်ကြီး၊ မက္ခရာရွှေစည်းခုံ၊ မယ်နုအုတ်ကျောင်း၊ မန္တလေးနန်းမြို့ရိုး၊ ကွင်းဆင်းလေ့လာထားသည့် အတွေ့အကြုံများကို လိုချင်ကြောင်း၊ တန်ဖိုးကြီးမားပြီး အနုလက် ရာရှိသော ရှေးဟောင်းအဆောက်အအုံ များကို ပျက်ပုံ အတိုင်းထိန်းသိမ်းပြီး အန္တရာယ်ကင်းအောင်နှင့် ထပ်မံပြိုကျခြင်းမရှိအောင် မည်သို့ဆောင်ရွက် ရမည်ကို အကြံဉာဏ်ပေးစေလိုကြောင်း၊ တရုတ်ပညာရှင်များကလည်း လိုအပ်သော အချက်အလက် များကို ပေးပို့သွားမည်ဟုဆိုသည်။

တရုတ်ပညာရှင်အဖွဲ့ က ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ မန္တလေးမြို့သို့ လာရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးဒေသ၊ အင်းဝ၊ မက္ခရာ၊ စစ်ကိုင်း အစရှိသည့် ရှေးဟောင်းအဆောက်အအုံ ၂၇ နေရာကို သွားရောက်လေ့လာကွင်းဆင်းခဲ့ကြောင်း၊ မန္တလေးနန်းမြို့ရိုးကိုလည်း ထပ်မံလေ့လာမည်ဖြစ်ပြီး အစီရင်ခံစာလည်း ပေးပို့မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article