ရန်ကုန်၊ ဇွန် ၂၁
မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းများနှင့် ဒုက္ခသည်များကို မလေး အာဏာပိုင်များက ရိုက်နှက်ခြင်း၊ အဝတ် အစားများ အတင်းအကျပ် ချွတ်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Fortify Rights က ထုတ်ပြန်ပြောဆိုသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အာဏာပိုင်များက တရားမဲ့ဖမ်းဆီးကာ လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းများတွင် ရိုက်နှက်ခြင်း၊ အဝတ်အစားများကို အတင်းအကျပ်ချွတ်ခိုင်းကာ ဝတ်လစ်စလစ်ဖြင့် နေစေခြင်း၊ နှိပ်စက်ခြင်းနှင့် အခြား အခြေခံလိုအပ်ချက်ရရှိမှုများကို ပိတ်ပင်ခြင်းများလုပ်ဆောင်နေသည်ကို စုံစမ်းတွေ့ရှိရကြောင်း Fortify Rights က ပြောသည်။
Fortify Rights က မလေးရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးဌာနတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ၁၇ ဦးနှင့် မျက် မြင်သက်သေများကို အင်တာဗျူး ပြုလုပ်၍ ၎င်းတို့ ကြုံတွေ့ခံစားခဲ့ရသည်များကို အစီရင်ခံစာအဖြစ် ထုတ်ပြန်ခဲ့ပြီး အင်တာဗျူး ဖြေဆိုသူများတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ၊ ရခိုင်၊ ဗမာ၊ မွန်နှင့် ကချင်ဒုက္ခသည်များ ပါဝင်ကြောင်း သိရှိရသည်။
“ဒုက္ခသည်တွေအပေါ် အကြမ်းဖက်မှုနဲ့ အရှက်ခွဲမှုတွေကို လုပ်ဆောင်တာဟာ တရားမဝင်သလို လူမဆန်ပါဘူး။ နှိပ်စက်ညှင်းပန်းမှုတွေကနေ ဘေးကင်းရေးနဲ့ ကာကွယ်ရေးရှာဖွေနေသူတွေဟာ မလေးရှားအာဏာပိုင်တွေရဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ခွဲခြားဆက်ဆံခြင်းနဲ့ အကြမ်းဖက်တာတွေကို ခံနေရပါတယ်။ အစိုးရက မမှန်မကန် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ခွဲခြားမှု မရှိဘဲ စီးနင်း ဖမ်းဆီးတဲ့ နည်လမ်းကို ရပ်တန့်ရပါမယ် ” ဟု Fortify Rights မှာ လူ့အခွင့်အရေးအထူးကျွမ်းကျင်သူ Yap Lay Sheng က ပြောဆိုသည်။
မလေးရှားနိုင်ငံတွင်းတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများကြောင့် ဖမ်းဆီးမှုများမှာ လွန်ခဲ့သည့် ၂ နှစ်အတွင်း ၃ ဆ ကျော် တိုးလာကြောင်း၊ ဒုက္ခသည်အများအပြားမှာ မလေးရှားလူဝင်မှု ကြီးကြပ်ရေးအာဏာပိုင်များ၏ ထိန်းသိမ်းမှုခံနေရစဉ်အတွင်း ထိုးကြိတ်ခြင်း၊ ဖိစီးမှုဖြစ်စေသည့် ကိုယ်နေဟန်ထားများအတိုင်း နေခိုင်းခြင်း သို့မဟုတ် အဝတ်အစားများချွတ်၍ အချိန်ကြာမြင့်စွာ ထားခြင်း၊ အရှက်ခွဲခြင်းနှင့် ထိန်းသိမ်းခံနေရစဉ်အတွင်း မရှိ မဖြစ် လိုအပ်သည့် အရာများကို မပေးဘဲ ငြင်းပယ်ခြင်းများကို လုပ်ဆောင်ခံခဲ့ရကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလ ၁၃ ရက်နေ့အတွင်း လူ ၃၄၂၈၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခ့ရသူများတွင် UNHCR က ထုတ်ပေးသည့် ကတ်ပြားများ အပါအဝင် ဒုက္ခသည်အဆင့်အတန်းဆိုင်ရာ အထောက်အထားများ အားလုံးကို လျစ်လျူရှုခဲ့ကြောင်း၊ အချို့ကိစ္စများတွင် တရားဝင် ကုလသမဂ္ဂစာရွက်စာတမ်းများကို စွန့်ပစ်ခြင်းများ သို့မဟုတ် ဖျက်ဆီးခြင်းများ ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူများသည် မိသားစုဝင်များ၊ ဥပဒရေးရာ ကျွမ်းကျင်သူများ၊ UNHCR အပါအဝင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုကို အလွန်ကန့်သတ်ထားပြီး အကျဉ်းသားများအနေနှင့် ငွေကြေးအများအပြားပေးမှသာ ၎င်းတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများကို ဖုန်းခေါ်ဆိုနိုင်ကြောင်း သိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် မိနစ် ၃၀ ဖုန်းပြောနိုင်ရန် မလေးရှားသုံးငွေ ရင်းဂစ် ၃၀၀ အထိ ပေးရပြီး CCTV ကို ရှောင်နိုင်ရန် တံခါးနောက်တွင် ပုန်းနေရကြောင်း မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ရခိုင်လူမျိုးဖြစ်သူ ကိုထွန်းက Fortify Rights နှင့်တွေ့ဆုံစဉ် ဖြေဆိုထားသည်။
ထိုသို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ လုပ်ဆောင်ချက်ကြောင့် ဒုက္ခသည်များ ဖမ်းဆီးခံရပါက UNHCR ကို အကြောင်းကြားရန်နှင့် ၎င်းတို့၏ ဒုက္ခသည် အဆင့်အတန်းကို အတည်ပြုစစ်ဆေးမှုများကို လုပ်ဆောင်ရန် ခက်ခဲလာကြောင်း Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည် ကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်သော်လည်း အဆိုပါ ကွန်ဗင်းရှင်းသည် နိုင်ငံတကာ ဥပဒေအရ ဒုက္ခသည်ကာကွယ်ရေးအတွက် အခွင့်အာဏာရှိသော လမ်းညွှန်မှုများ ပေးထားကြောင်း၊ ကွန်ဗင်းရှင်းအရ ဒုက္ခသည်ဟူသည် နှိပ်စက်ညှင်းပန်းခံရမည်ကို စိုးရိမ်ရသည့်အတွက် မိမိနိုင်ငံကို ပြန်သွားရန် မတတ်နိုင်ခြင်း သို့မဟုတ် မလိုလားသော လူအဖြစ် သတ်မှတ်ထားကြောင်း၊ ဒုက္ခသည် ကွန်ဗင်းရှင်း အပိုဒ် ၃၁ တွင် ဒုက္ခသည်များသည် ခိုလှုံ၇◌န် နိုင်ငံတစ်ခုတွင် မမှန်မကန် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်းနှင့် ဆက်စပ်၍ ဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှေင်ခြင်းများ အပါအဝင် ပြစ်ဒဏ်မပေးရသည်တို့ ပါရှိကြောင်း သိရှိရသည်။
“မလေးရှားအစိုးရက ခွဲခြားမှုမရှိဘဲ စီးနင်းဖမ်းဆီးတာတွေကို ရပ်တန့်ရပါမယ်။ ကိုယ့်မူရင်းနိုင်ငံတွေမှာ အသက်အန္တရာယ်ရှိသူတွေကို တရားဝင် ဒုက္ခသည် အဆင့်အတန်းတွေ ပေးပြီး UNHCR ကို အပြည့်အဝချဉ်းကပ်နိုင်ခွင့်တွေ ပြန်ပေးရါပမယ်။ ပြီးတော့ နှိပ်စက်ညှင်းပန်းမှုတွေကနေ ထွက်ပြေးလာသူတွေကို နှိပ်စက်ညှင်းပန်းနေတာ၊ ဆင်ခြင်မှုမရှိဘဲ ဖမ်းဆီးနေတာ၊ ထိန်းသိမ်းထားတာ၊ အတင်းအကြပ်ပြန်ပို့တာတွေက ကာကွယ်ဖို့ ရှင်းလင်းတဲ့ ကာကွယ်ရေးအစီအမံတွေ ချမှတ်ရပါမယ်။ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေက မလေးရှားရဲ့ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒတွေရဲ့ ကွန်ရက်ထဲမှာ ပိတ်မိနေလို့ မဖြစ်ဘူး” ဟု Fortify Rights မှာ လူ့အခွင့်အရေးအထူးကျွမ်းကျင်သူ Yap Lay Sheng က ရှင်းလင်းပြောဆိုထားသည်။
