ရန်ကုန်၊ ဇွန် ၃၀
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကင်းဇလုပ်ကျေးရွာအနီးတဝိုက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်သေးကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ RPG ထိပ်ဖူး ၁ ခု တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၊ မွန်းလွဲ ၁ နာရီ နှင့် ညနေ ၅ နာရီခန့်တို့တွင် အကြမ်းဖက် စစ်တပ်၏ Mi-35 ရဟတ်ယာဉ် ၃ စီးဖြင့် ကင်းဇလုပ်ကျေးရွာ ပတ်ဝန်းကျင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညောင်ဦးခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ထို စစ်ကြောင်းသည် ဇွန်လ ၂၇ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် ကင်းဇလုပ်ကျေးရွာမှ ငါ့သရောက်နယ်ရဲစခန်းကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
