28.3 C
Yangon

စစ်ကောင်စီ၏နိုင်ငံခြားဝင်ငွေ အဝင်အထွက်စာရင်း အမြဲမပြတ် စစ်ဆေးပြီး အသုံးအစွဲ ခွင့်ပြုမှုများကို မင်းအောင်လှိုင်က တိုက်ရိုက်ကိုင်တွယ်

Must read

ရန်ကုန်၊ ဇူလိုင် ၁

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အဝင်အထွက်စာရင်းကိုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လစဉ် အမြဲမပြတ် စစ် ဆေးကြည့်ရှုသည့်အပြင် နိုင်ငံခြားငွေသုံးစွဲမှုအဆိုင်ရာ အဆုံးအဖြတ်များကိုလည်း ၎င်းကပင် တိုက်ရိုက်ကိုင်တွယ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်အတွင်း မင်းအောင်လှိုင်က ခန့်အပ်ခဲ့သော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှုများကြောင့် ရာထူးမှ ဖယ်ရှားခဲ့ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် အစားထိုး ခန့်အပ်ခဲ့ကြောင်း၊ မိုးမြင့်ထွန်းကို ဖယ်ရှားပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံခြားဝင်ငွေ၊ သုံးစွဲမှု အထွက်စာရင်းများကို မင်းအောင်လှိုင်က ၎င်းထံသို့ လစဉ်ပုံမှန် အစီရင်ခံစာ တင်ပြစေကြောင်း သိရှိရသည်။

ယခင်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဖြစ်ခဲ့သော မိုးမြင့်ထွန်းကို မင်းအောင်လှိုင်က အာဏာ ကုန် လွှဲအပ်၍ နိုင်ငံခြားငွေသုံးစွဲမှုဆိုင်ရာ ကိစ္စများတွင် တစ်ဦးတည်းဆုံးဖြတ် လုပ်ပိုင်ခွင့်ပေးခဲ့ကြောင်း၊ မိုးမြင့်ထွန်း ကျူးလွန်သည့် နိုင်ငံခြားငွေ အရောင်းအဝယ် ဆိုင်ရာ အဂတိမှုများ ဖြစ်ပေါ်လာပြီးနောက်ပိုင်းတွင်မူ မင်းအောင်လှိုင်က နိုင်ငံခြားငွေ သုံးစွဲရမည့် မည်သည့်ကိစ္စမဆို ၎င်း၏ ခွင့်ပြုချက်မပါဘဲ မဆောင်ရွက်ရန်၊ ပမာဏ ကြီးမားသော နိုင်ငံခြားငွေ သုံးစွဲမှုများကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြထွန်းဦးတစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ မင်းအောင်လှိုင်၏ ခွင့်ပြုအတည်ပြုချက်ဖြင့်သာ ဆောင်ရွက်ရကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်က နိုင်ငံခြားငွေကို ကုန်သွယ်မှုတွင် လိုငွေ မရှိစေရေးအတွက် ၎င်းကိုယ်တိုင် ဖိဖိစီးစီး ကိုင်တွယ်ညွှန်ကြားပြီး စစ်လက်နက်ပစ္စည်းများ၊ ရဟတ်ယာဉ်နှင့်လေယာဉ် ဝယ်ယူရေးကိုလည်း ၎င်းက တိုက်ရိုက် ဆုံးဖြတ်ကြောင်း သိရှိရသည်။

ယခင် သန်းရွှေလက်ထက်က နိုင်ငံခြားငွေ စီမံခန့်ခွဲမှုများကို ကိုယ်တိုင် ကိုင်တွယ်ခြင်းမရှိဘဲ အခြား ဗိုလ်ချုပ်များကိုတာဝန်ပေးအပ်သော်လည်း လက်ရှိ မင်းအောင်လှိုင်ကမူ နိုင်ငံခြားငွေဆိုင်ရာ မူဝါဒများကိုယ်တိုင် ချမှတ်ရုံသာမက နိုင်ငံခြားငွေနှင့်ပတ်သက်သော အသေးစိတ် စီမံခန့်ခွဲမှုများကိုပါ ဝင်ရောက် ပါဝင်ကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့ နေပြည်တော်တွင် လုပ်ဆောင်ခဲ့သော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည် ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံ ရှိပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၇ ဘီလီယံရှိကြောင်း၊ ကုန်သွယ်ရေး ပိုငွေမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိကြောင်း၊ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၂၇ ဘီလီယံဖိုးရှိကြောင်း၊ သို့သော် ကုန်သွယ်မှု မဟုတ်သော Non Trade မှ နိုင်ငံခြားငွေ လိုငွေပြသမှု များပြားကြောင်း ပြောဆိုခဲ့သည်။

Non Trade ကြောင့် နိုင်ငံခြားငွေ လိုငွေပြသနေခြင်းအကြောင်းအရင်းများကို စိစစ်ရာတွင် ပြည်ပသို့ ထွက်ခွာမှု များ များပြား သည်ကို တွေ့ရှိရပြီး နိုင်ငံ ခြားငွေ သုံးစွဲမှု များပြားကြောင်း၊ ပြည်ပမှ တရားမဝင် ပစ္စည်းများ တင်သွင်းမှုများလည်း ပါဝင်ပြီး တရားမဝင် ရောင်းဝယ်မှုများ ရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ပြည်ပမှ မှာယူတင်သွင်းသည့် ပစ္စည်းများပြားနေသည်ကို တွေ့မြင်နေရပြီး ယင်းနေရာတွင် ပြည်တွင်းထုတ်ကုန်ပစ္စည်းများဖြင့် အစားထိုးနိုင်ရေး လုပ် ဆောင်ကြရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article