30.7 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ တိုက်တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၃

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်အုပ်စုမှာ တရားမဝင် မတရား ပြည်သူ့အာဏာကို ရယူရန် ကြိုးစားနေသည့် သူများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်မရှိကြောင်း ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်မှာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဲဒီ့ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာ တည်ရှိနေပါတယ်။ ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရားရယူရန်ကြိုးစားခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်သည်ဟု ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်မှန်သမျှသည် တရားဝင်မှု မရှိသော ဥပဒေမဲ့ လုပ်ရပ်များသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာ ဖြစ်ပါမယ်။ ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက်မဟုတ်ပါ။တော်လှန်ရေးအင်အားစုတွေဟာ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် နဲ့ နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ရှင်းပြသည်။

ထို့ကြောင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြရန် NUG က တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ- ၂၀၂၀ ရွေးကောက်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင် ဆန္ဒမဲပေးခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article