ရန်ကုန်၊ ဇူလိုင် ၉
ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းတော်လှန်ရေး လက်နက်ကိုင်များအကြား ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ဇူလိုင်လ ၈ ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။
ဇူလိုင်လ ၄ ရက်နေ့မှစ၍ ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေး လက်နက်ကိုင်များ ဖြစ်သော Chin National Defense Force – CNDF နှင့် Chin National Front/ Chin National Army (CNF/CNA), Chinland Defense Force- Hualngoram တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက် စစ်ကောင်စီကို တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက ဝိုင်းဝန်း တော်လှန်နေသည့် အချိန်ဖြစ်သောကြောင့် တော်လှန်ရေး အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရ မည့် အချိန်အခါဖြစ်ကြောင်း ဒူဝါလရှီးလ တိုက်တွန်းပြောဆိုထားသည်။
တော်လှန်ရေး အင်အားစုမျာ အကြား ပဋိပက္ခများ၊ မတူကွဲပြားသည့် သဘောထားအမြင်များ ပေါ်ပေါက် လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာ တော်လှန်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ဒူဝါလရှီးလက ဆက်လက် ပြောဆိုသည်။
ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ အကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရန် လုပ်ဆောင်မှုများကို သက်ဆိုင်ရာ ပါဝင် ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးက ချက်ခြင်းရပ်တန့်၍ ချင်းလူထု တရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြရန် ယာယီသမ္မတက တိုက်တွန်းသည်။
ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအကြား အမြန်ဆုံးငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အဖြေရှာနိုင်၍ စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ပြီး ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုး နိုင်ကြရေး ယာယီ သမ္မတက ဆက်လက် တိုက်တွန်း မှာကြားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
