ရန်ကုန်၊ ဇူလိုင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ၏ စစ်စခန်းကြီး ၄ ခုဖြစ်သည့် ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်းနှင့် ဘိုးထွန်းကျော်ဗျူဟာတို့ကို သိမ်းပိုက်ရရှိပြီး ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင်ကို အရှင်ဖမ်းမိကာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Shwe Bo Battalion 15မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၄ ရက်နေ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ဟင်္သာကြီးပျူစောထီးကျေးရွာ စစ်စခန်းနှင့် ဘိုးနတ်တောင် ဗျူဟာစစ်စခန်းကုန်းတို့ကို တော်လှန်ရေးတပ်များက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၍ ခုခံနေသည့်ကြားမှ ဇူလိုင် လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ဒုတပ်ရင်းမှူး ဗိုလ်မှူး ချမ်းလွင်မောင် ဦးဆောင်နေသော ဟင်္သာကြီး ပျူစောထီးစစ်စခန်းကုန်းနှင့် တစ်ရွာလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဗိုလ်မှူး ချမ်းလွင်မောင်ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ ပျူစောထီးစခန်းမှ စစ်တပ်မှာ မခေါက်ကျေးရွာသို့ ထွက်ပြေးသွားကြောင်း သိရှိရသည်။
ထို့နောက် ယင်းနေ့ ညနေ ၃ နာရီ အချိန် စစ်ကောင်စီ၏ G1 အရာရှိ ဦးဆောင်နေသော ဘိုးနတ်တောင် ဗျူဟာကုန်းစခန်းကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဘိုးနတ်တောင် ဗျူဟာကုန်းစခန်းမှ စစ်တပ်မှာ တောင်လှဗျူဟာကုန်းကို ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်များက ထပ်မံ၍ တောင်လှဗျူဟာစခန်းကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့ တစ်ရက်လုံး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ၅ ရက်နေ့ နံနက်အစောပိုင်းတွင် တတိယမြောက် တောင်လှဗျူဟာစခန်းကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅နာရီ ခန့်အချိန် ရွှေဘိုမြို့နယ်၊ ဘိုးထွန်းကျော်ဗျူဟာစခန်းကုန်းကိုပါ ထပ်မံ၍ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၉ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ လက်၊နက် ခဲ ယမ်းများလည်း (အရေအတွက် စိစစ်ဆဲ) သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေဘက်က ၉ ဦးသေပါတယ်။ ၈ ဦးဒဏ်ရာရပါတယ်။ ဒုတပ်ရင်းမှူးကို အရှင်ရပါတယ်။ စစ် တပ်ဘက်က အင်အားက ၈၀ ကျော်တယ် ကြောက်လို့ ဆုတ်ပြေးတာ။ မိုးတွင်းမှာ တော်လှန်ရေးမှာ အဖွဲ့အစည်းများ အနေနဲ့ လာမှတိုက်မယ် ၊ ဖြတ်တောက်ရေးလုပ်မယ် ဆိုတဲ့ အတွေးတွေဘေးဖယ်ပြီး အနီးနားမှာ ရှိတဲ့ စခန်းငယ်တွေက နေစပြီး ထိုးစစ်ဆင်ကြဖို့ပြောချင်တယ်။ မိုးတွင်းမှာ က စကစဘက်က ထိုးစစ်ဆင်လာရင် ဒီစခန်းငယ်ကို ဘာမှမလုပ်နိုင်သေးရင် အင်အား ဖြည့်ပြီး စိုးမိုးနယ်မြေတွေ ပြန်ပေးရနိုင်တယ်။ အခုကတည်းက ပြင်ဆင်နေတာထက် လက်တွေ့ လုပ်ဖို့ ပြောချင်ပါတယ်” ဟု Shwe Bo Battalion 15မှ တာဝန်ရှိသူက ရှင်းပြသည်။
စစ်ဆင်ရေးကို ညီနောင် မဟာမိတ်တပ်ရင်းများဖြစ်ကြသော ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆(DOUNG Ni PDF တပ်ရင်းများနှင့် Brave Brothers (Local PDF)၊ တိုက်နယ်(၄) ရွှေဘိုကျားကြီး(ပကဖ)တို့ စုပေါင်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




