ရန်ကုန်၊ ဇူလိုင် ၁၉
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာလုယူ ဖမ်းဆီးထောင်ချထားသော အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်များကို ထိန်းသိမ်းရမည်ဟု ဆိုပြန်သည်။
ယမန်နေ့ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်များ(ခေါ်) ဝန်ကြီးများရုံးသို့ သွားရောက်လေ့လာသော အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ ခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့် တိုက်နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့် ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့် မော် တော်ယာဉ်အား ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက် အအုံ အား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာများအတိုင်း ဖြစ်စေရန်အတွက် ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျ ထိန်း သိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများအသုံးပြု၍ ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည် လင်ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက် သရိုက်များ မရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် ပြောဆိုကြောင်း သိရှိရသည်။
ထို့ပြင် မင်းအောင်လှိုင်က ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက် အအုံသို့ ရောက်ရှိ ဗိုလ်ချုပ် အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ပြောဆိုခဲ့သည်ဟု သိရှိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် အကြမ်းဖက် မင်းအောင်လှိုင်သည် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရထံမှ အာဏာလုယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်အရေးယူထားသည်။


