ရန်ကုန်၊ ဇူလိုင် ၂၀
အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားသော အကြမ်း ဖက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသည့်အတိုင်း မြန်မာနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး လုပ်ကိုင်ကြရန် ပြောဆိုပြန်သည်။
ယမန်နေ့ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ် စစ်တပ်လက် အောက်ခံ ဝါဒဖြန့်အမည်ခံ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုပြန်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန် ကြိုးစားခဲ့ပြီး အသက်စွန့်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းသည့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး၀ိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
“ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးစားသွားတယ်၊ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံကို ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့နိုင်ငံ တစ်ခုအဖြစ် သွားနိုင်ဖို့ ဗိုလ်ချုပ်မျှော်မှန်းခဲ့တယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ပြောကြားချက်တွေမှာ အများကြီးပါပါတယ်။ ဒါကို ကျနော်တို့လက်ရှိရှိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံး ဝိုင်းဝန်းကြိုးစားရမှာဖြစ် ပါတယ်။ ဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်း အားလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို တကယ် ကောင်းအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့လုပ်ကြတာကောင်းပါတယ်။ ဗိုလ်ချုပ်တို့ကအသက်စွန့်ပြီးတော့ အသက်ပေးပြီးတော့လုပ်သွားကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးက လွတ်လပ်ရေးပါ၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ ဖြစ်တဲ့စနစ်မျိုး တော့ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ် လည်းရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သားအားလုံး တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ် ကိုင်သွားကြဖို့ လိုပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”ဟု အကြမ်းဖက် မင်းအောင် လှိုင်က ဆိုသည်။
ယမန်နေ့ အာဇာနည်နေ့တွင် အကြမ်းဖက်စစ်တပ်က ဗိုလ်ချုပ်မွေးဖွားရာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်နေရာတို့ကိုလည်းကောင်း၊ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တို့ကို စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများသေဆုံးပြီး နေအိမ်နှင့်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရသည်။
