ရန်ကုန်၊ ဇူလိုင် ၂၁
အကြမ်းဖက်စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူများအတွက် အလုပ်အကိုင်ရရှိရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ခန့် အပ်လိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇူလိုင်လ ၈ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အမိန့်အမှတ် ၁၀၂ / ၂၀၂၅ ဖြင့် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်လိုက်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးပါဝင်သည်။
အဆိုပါကော်မတီတွင် စစ်ကောင်စီ၏ ဝန်ကြီး၊ ဒုဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်များ၊ ညွှန်ကြား ရေးမှူးချုပ်များ အပြင် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ကိုပါ အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားသည်။
ယင်းကော်မတီက လုပ်ငန်းစဉ် ၈ ရပ်ကို အကောင်အထည်ဖော်မည်ဖြစ်ရာ အဓိကအားဖြင့် စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ကို အဓိကရည်ရွယ်ထားကြောင်း၊ စစ်မှုထမ်းပြီးသူများအနေဖြင့် စစ်တပ်နှင့်အစိုးရ အသက်မွေးဝမ်းကြောင်းသင်တန်းများ တက်ရောက်နိုင်ရေး စီစဉ်ပေးရန်၊ လက်မှတ်ထုတ်ပေးရန်တို့ပါဝင်သည်။
ထို့ပြင် အသက်မွေးသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြု လက်မှတ်များအား အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်း၊ ဌာနများမှ အသိအမှတ်ပြု၍ အလုပ်နေရာ ခန့်ထားပေးရေး ဆောင်ရွက်ပေးရန်၊ စစ်မှုထမ်းပြီးသူများကို အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေး အလုပ်အကိုင်ခန့်ထားပေးရေး မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန်တို့ကိုလည်း ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် ဖော်ပြထားသည်။
UMFCCI မှ စီးပွားရေးသမားတစ်ဦးက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အလုပ် သမားရှားပါးမှုများ ကြုံတွေ့နေရသည့်အပြင် ယခုအခါ စစ်မှုထမ်းပြီးသူများကို အလုပ်ဦးစားပေးခန့်ရမည်ဆိုသော အတင်းအကျပ် ဆောင်ရွက်ခိုင်းမှုကြောင့် စီးပွားရေး လုပ်ငန်းများ အခက်တွေ့နိုင်သည်ဟု ပြောဆိုသည်။
“စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားတွေ လူငယ်တွေ ရှာရခက်ကုန်တယ်။ အခုတစ်ခါ စစ်မှုထမ်းပြီးသူတွေကို အလုပ်မဖြစ်မနေ ခန့်ရမယ်ဆိုပြီး ပြဋ္ဌာန်းပြန်တယ်။ စီးပွားရေး လုပ် ငန်းတွေက အဲဒီလို ဟိုလူ့ကိုခန့် ဒီလူ့ကို ခန့်ဆိုရင် ဘယ်လိုမှ လည်ပတ်ဖို့ အတွက်ခက်ခဲမယ်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေမှာ အမိန့်အာဏာနဲ့ စစ်သားဟောင်းတွေ ခန့်ခိုင်းရင် စီးပွားရေးလုပ်ငန်းတွေအတွက် အများကြီး အခက်အခဲဖြစ်နိုင်တယ်။ စစ်သားဟောင်းကို အလုပ်ပေးဖို့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူခိုင်းနေတာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
စီးပွားရေးလုပ်ငန်းများတွင် အလုပ်ခန့်ထားရာတွင် ကျွမ်းကျင်မှု၊ သဘောထား၊ အလုပ်အပေါ် နာခံမှု စသည့် ပုဂ္ဂလိက လုပ်ငန်းအတွက် သင့်တော်သော အရည်အချင်းများနှင့် ခန့်အပ်ရပြီး စစ်သားဟောင်းမှန်သမျှကို အမိန့်အာဏာဖြင့် အလုပ်ခန့်ခိုင်းလျှင် စီးပွားရေး လုပ်ငန်းများ ကျဆင်းပျက်စီးနိုင်သည်ဟု ၎င်းက ဆက်လက် သတိပေးပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လစဉ် စစ်မှုထမ်း သင်တန်းများဖွင့်လှစ်ပြီး လူငယ် ၅၀၀၀ လစဉ်ခေါ်ယူကာ စစ်မှုထမ်းလူငယ်များအနေဖြင့် ၂ နှစ် စစ်တပ်တွင် တာဝန်ထမ်းရမည်ဟု သတ်မှတ်ခေါ်ယူလျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
