ရန်ကုန်၊ ဩဂုတ် ၈
လွန်ခဲ့သည့် ၃၇ နှစ် ရှစ်လေးလုံးအရေးတော်ပုံနှင့် လက်ရှိ နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ပြည်သူလူထုက စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမူ အပေါ်တွင် ခိုင်ခိုင်မြဲမြဲ တစ်သားတည်း ရပ်တည်တော်လှန်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ဖော်ပြောဆိုသည်။
ယနေ့ ကျရောက်သည့် ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံက ဖွဲ့စည်းတည်ပေးလိုက်သည့် လူထုတော်လှန်ရေးသန္ဓေ သည် နွေဦးတော် လှန်ရေးအတွင်း၌ အသန့်စင်ဆုံး မွေးဖွားကြီးပြင်းလာပြီဖြစ်ကြောင်း၊ လက်ရှိ နွေဦး တော်လှန်ရေးကို ဝိုင်းဝန်းပြုစုပျိုးထောင်၍ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည် အထိ ကြိုးစားအားထုတ်ကြရန် လိုကြောင်း ၎င်းက ပြောဆိုသည်။
“လူထုနိုင်ငံရေး အနှစ်သာရနဲ့ တော်လှန်ရေးအနှစ်သာရမှာတော့ ကွဲပြားခြားနားမှု မရှိဘဲ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အခြေခံမူအပေါ်မှာ ခိုင်ခိုင်မြဲမြဲ တစ်သားတည် းဖြစ်တည်နေတာ” ကို တွေ့ရပါတယ်။ ကျနော်တို့ဟာ လက်ရှိ နွေဦးတော် လှန်ရေးကို ယုံကြည်ချက် / ခံယူချက် သန့်စင်ခိုင်မာစွာနဲ့ လျှောက်လှမ်းနေရင်း ၈၈ ကို အလေးအနက်ထားရမယ်။ ၈၈ ကို ဂုဏ်ပြုရမယ်။ ၈၈ ရဲ့ တန်ဖိုးကို နားလည်ရမယ်။ တစ်ဖက်မှာလည်း ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ကောင်းစွာ သ ဘော ပေါက်ရမယ်။ ၈၈ နဲ့ ၂၁ မတူခြားနားခြင်းတွေရှိတယ်ဆိုတာကို နားလည်သဘောပေါက် ရမယ်။ ၈၈ မှာ သန္ဓေတည်ခဲ့တဲ့ ယုံကြည်ချက်တန်ဖိုးတွေကို နွေဦးတော်လှန်ရေးမှာ ဆက်လက် သယ်ဆောင်ရ မယ်။ တစ်ဖက်မှာလည်း အတိတ်က မှားခဲ့တဲ့အမှားမျိုးတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်။ စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်ရာမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သမိုင်းကို ရုပ်ဆိုးအကျည်း တန်စေတဲ့ အားနည်းချက်မျိုးတွေကို အထူးအလေးအနက်ထား ဆင်ခြင်သုံးသပ် နိုင်ရမယ်။ မတူညီ တဲ့အခြေအနေတွေကို နားလည်သဘောပေါက်ပြီး၊ သမိုင်းတဆင့်မြှင့်နိုင်ဖို ခြေလှမ်းသစ်တွေ ချဲ့ထွင် နိုင်ရမယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်နေ့ အခမ်းအနားသည် အတိတ်က တော် လှန် ရေးသမိုင်းနှင့် တည်ဆဲဖြတ်သန်းနေသည့်ကာလဖြစ်ပြီး အားလုံး စုပေါင်း ရေးထွင်းနေကြသည့် သမိုင်းကို အနှစ်သာရအားဖြင့် ချိတ်ဆက်နိုင်ရန် လိုအပ်ကြောင်း၊ ၈၈ အရေးတော်ပုံနှင့် ၂၁ ခုနှစ် နွေ ဦးတော်လှန်ရေးအရေးတော်ပုံတို့သည် လူထုလှုပ်ရှားမှုပုံစံအရ ကွဲပြားခြားနားမှုရှိကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို သမိုင်းဖြစ်ရပ်တစ်ခုထက် ပိုမိုကြည်မြင့်ရန် လိုအပ်ပြီး အထူးသဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ဒီမို ကရေစီ အသွင်ကူး ပြောင်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ကျနော်တို့ရဲ့ အပြုအမူတိုင်း၊ အပြောအဆိုတိုင်း၊ လုပ်ရပ်တိုင်းဟာ ဒီဖြစ်စဉ်တွေထဲမှာ အစဉ်တစိုက် ဖြတ်သန်းလျှောက်လှမ်းနေရမှာဖြစ်ပါတယ်။ ကျနော်တို ပြုကျင့်နေကြတဲ့ လူထုနိုင်ငံရေး နည်းနာ တွေ၊ လက်နက်ကိုင်တော်လှန်ရေးမဟာဗျူဟာတွေဟာ ဒီဖြစ်စဉ်ထဲမှာ အချိတ်အဆက်မိမိ ဖြစ်ပေါ် နေရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ လုပ်ရပ်တွေဟာ သီးခြား စီဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဖြစ်စဉ်ဟာ လူထုတော်လှန်ရေးနည်းနာ တွေ နဲ့ သီးခြားစီ ဖြစ်နေလို့ မရဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
၁၉၈၈ ခုနှစ် တော်လှန်ရေးကာလထက် ယခု ၂၀၂၁ ခုနှစ်တော်လှန်ရေးကာလသည် ပြည်သူလူထုက နိုင်ငံရေးအတွေးအခေါ် ပိုမိုကျယ်ပြန့်လာပြီဖြစ်ပြီး လူထုလှုပ်ရှားမှုသည်လည်း ပိုမိုနက်ရှိုင်းကျယ် ပြန့်လာကြောင်း၊ လူထုနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေး အခြေအနေသည် တစ်နိုင်ငံလုံး အ တိုင်း အတာဖြင့် ပြန့်ထွက်လှုပ်ရှားနိုင်သည်ကို အထင်အရှားတွေ့ရကြောင်း ၎င်းက ရှင်းပြသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မှစ၍ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော အာဏာရှင် ဗိုလ်နေဝင်းက မဆလ (ခေါ်) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြစ်သည့် တစ်ပါတီအာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရာ ယင်းအာဏာရှင်စနစ်ကြောင့် တိုင်းပြည်မှာ ချွတ်ခြုံကျ ဆင်းရဲမွဲတေခဲ့ရသည်။ ထို့ကြောင့် ပြည်သူလူထုက ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံးအရေးတော်ပုံဖြင့် မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ပြည်သူလူထု သွေးမြေကျမှုများစွာဖြစ်ပေါ်ခဲ့ကာ မဆလ တစ်ပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းခဲ့သော်လည်း စစ်တပ်က နောက်တစ်ကြိမ် ထပ်မံ ပြန်လည် အာဏာသိမ်းယူခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



