26.3 C
Yangon

တောင်သာနှင့် မလှိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ၂ ရက်တာအတွင်း ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

မန္တလေးတိုင်း၊ တောင်သာမြို့နယ် နှင့် မလှိုင် မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၂ ရက်တာအတွင်း ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၄ စီးက တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို နံနက် ၄ နာရီ ၅၃ မိနစ်မှ စတင်ပြီး ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၈ ရက်နေ့ကလည်း မလှိုင်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများက နံနက် ၁ နာရီ ၁၉ မိနစ်မှ စတင်ပြီး ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စက်လက်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင့် ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူတွေ အိပ်စက်နေချိန်ကို ရွေးပြီး နေ့စဉ်ကို ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူတွေက ရွာထဲမှာ မအိပ်ရဲတော့ဘူး။ ညအချိန်ဆို ထွက်ပြေးတိမ်းရှောင်နေရတယ်။ အခုလည်း ပြည်သူတွေ တိမ်းရှောင်နေရတုန်းပဲ စစ်ခွေးတွေက အရပ်သားပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာ ထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article