ရန်ကုန်၊ ဩဂုတ် ၁၃
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်သည့် တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက်ကြီးမားသော အခက်အခဲတစ်ခုဖြစ်ကြောင်း တအာင်း TNLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုလိုက်သည်။
ယမန်နေ့ ဗိုလ်ချုပ်တားဘုန်းကျော်က “လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်ခဲ” ဟု ခေါင်းစဉ်တပ်၍ ရေးသားခဲ့ရာတွင် တရုတ်၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုနှင့် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်မှုကိုပါ ထည့်သွင်းရေးသွားခြင်းဖြစ်သည်။
“လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များ … ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့
တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု … အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ပြည်သူလူထု …
တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ …အခြား အရာတွေလည်း ရှိနိုင်ပါသေးတယ်လေ… …ဒီလိုပဲ …လှဲကျလိုက် ပြန်ထလိုက်နဲ့ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့ ” ဟု NLA ၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုထားသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တရုတ်နိုင်ငံအနေဖြင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ မဖြစ်ပွားရေးအတွက် TNLA အပေါ် ဖိအားပေးမှုများ ကြီးကြီးမားမား ပေးနေကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုက မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲတို့တွင် စစ်ရေးဖိအားများ တောက် လျှောက်ဆိုသလို ပေးလာနေကြောင်း၊ တရုတ်၏ဖိအားသာမက စစ်တပ်၏ စစ်ရေးဖိအားကိုလည်း TNLA က ခံစားနေရကြောင်း ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုလာမည့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၏ စီစဉ်မှုဖြင့် TNLA နှင့် စစ်တပ်ကို တွေ့ဆုံ ဆွေးနွေးရန်ရှိနေသော်လည်း TNLA အနေဖြင့် ယခင်ရပ်တည်ခဲ့သော မူဝါဒများအတိုင်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း ၊TNLA အနေဖြင့် ပြည်သူလူထု မထိခိုက်စေရေးအတွက် အဓိက ဦးတည်၍ နောင်ချိုမြို့ကို လက်လွှတ်ခဲ့သော်လည်း ကျောက်မဲ၊ သီပေါ၊ မိုးကုတ်အပါအဝင် အခြားသော TNLA ထိန်းချုပ်ထားသော မြို့နယ်များ ထပ်မံ၍ လက်မလွှတ်ရရေးအတွက် လုပ် ဆောင်လျက်ရှိကြောင်း၊ မြို့နယ်များ ထပ်မံ လက်မလွှတ်ရရေး လုပ်ဆောင်ရာတွင် မဟာမိတ်အင်အားစုများနှင့်အတူ ပူးတွဲ ဆောင်ရွက်လျက်ရှိကြောင်း ၊ နောင်ချိုမြို့ကို လက်လွှတ်ခဲ့ရပြီးသော်လည်း လက်ရှိ သိမ်းပိုက်ထားသော မြို့နယ်များကိုစစ်ကောင်စီက ပြန်လည်တောင်းခံလာသည့်တိုင်အောင် ပြန်လည် ပေးအပ်ရန် မရှိကြောင်း၊ တရုတ်၏ စီစဉ်မှုဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်တပ်က ပြန်လည် တောင်းယူပါကလည်း TNLA က ပေးအပ်ရန် မရှိကြောင်း လွေးယေဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
