ရန်ကုန်၊ ဩဂုတ် ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က ထိန်းချုပ်ထားသော သီပေါမြို့ပေါ် ရှိ ရပ်ကွက် ၂ ခုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်နှင့် နံနက် ၉ နာရီ ၃၅ မိနစ်အချိန် သီပေါမြို့ပေါ်ရှိ တောင်မြို့ ရပ်ကွက်နှင့် အနောက်ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“နန်းဒေဝီအနောက်နဲ့ ဆောင်းဦးအကင်ဆိုင်ရှေ့မှာ ဗုံးကျတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့သိရတယ်။ လူနေ ရပ်ကွက်တွေကို ဗုံးကျဲ တိုက်ခိုက်သွားတာ နေအိမ်တွေပေါ်ကျတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ မသိရသေးဘူး။ တော်လှန်ရေး အဖွဲ့တွေလည်းမရှိပါဘူး။ တမင်ကို ပြည်သူတွေကို ဗုံးကျဲ တိုက်ခိုက်တာပါ။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ ဩဂုတ်လ ၉ ရက်နေ့ကနေ အကြမ်းဖက် စစ်တပ်က သီပေါမြို့အနီးရှိ ဆောက်လုပ်ရေး အရာရှိ ရိပ်သာဝင်းကို လေ ယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း စစ်တပ်က သီပေါမြို့ကိုလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၈ လုံး နှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့သည်။
ဓာတ်ပုံ – ဇူလိုင်လအတွင်း သီပေါမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
