ရန်ကုန်၊ ဩဂုတ် ၁၈
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ၊ ဘော်ဒါကျေးရွာရှိ စစ်စခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ စခန်း ၂ ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ဘော်ဒါကျေးရွာ ဂိတ်စခန်းတွင် အင်အား ၄၂ ဦးဖြင့် တပ်စွဲထားသော စစ်သားများကို ဗျူဟာ ၂၁ ကွက်ကဲမှုအောက်ရှိ ပြည်ခရိုင်အမှတ် ၁ ၃၆၀၁တပ်ရင်း၊ ပြည်ခရိုင်အမှတ် ၂ -၃၆၀၂ တပ်ရင်းနှင့် တောင်ငူခရိုင်အမှတ် ၁- ၃၅၀၁ တပ်ရင်းတို့က စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် ဘော်ဒါရွာရှိ ကျန်ရှိသော စစ်စခန်းများမှ စစ်သားအာလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် စာသင်ကျောင်းကုန်းသစ်တောကုန်းနှင့် ဆက်သွယ်ရေးကုန်း စခန်းများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ MA-3 သေနတ် ၂ လက်၊ MA-11 သေနတ် ၁ လက်၊ အူစီ သေနတ် ၁ လက်၊ပစ္စတို သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၇၆ တောင့်၊ ရှေထွက်မိုင်း ၁ လုံး၊ ကျည်ဘောက် ၁၃ ခု ၊ Icom ၁ လုံး၊ mobile ဖုန်း ၄ လုံး၊ ဆက်သွယ်ရေးအထိုင်စက် ၁ လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားချိန်အတွင်းမှာ ဘော်ဒါကျေးရွာထဲက စစ်ခွေးတွေ အထိုင်ချထားတဲ့ စခန်း ၄ ခုလုံးက ကောင်တွေက ထွက်ပြေးသွားလို့ စာသင်ကျောင်းကုန်းသစ်တောကုန်းနဲ့ ဆက်သွယ်ရေးကုန်း နေရာတွေကို မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ပေမယ့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်းနေ့ ည ၇ နာရီခန့်တွင် သဲကုန်းမြို့ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ကြိမ်ချောင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၃၀၀ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

