ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့တွင် ကင်းလှည့်လာသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းဆီးရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်း၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့၊ နမ့်စလော်ဒေသတွင် ကင်းလှည့်လာသော စစ်တပ်စစ်ကြောင်းကို KPDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ သေနတ် ၁လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“ကင်းလှည့်လာတဲ့ စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်တာပါ။ စစ်သား ၂ ဦး အရှင်ဖမ်းမိတယ်။ ၂ ဦးသေတယ်။ လက်နက် ၁ လက်ရတယ်။ သူတို့ စီးလာတဲ့ကားကိုတော့ မီးရှို့ရှင်းလင်းလိုက်တယ်” ဟု KPDF သတင်းရင်းမြစ်က ပြောဆိုသည်။
မိုးညှင်းမြို့နယ်အတွင်းတွင် စစ်တပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာလျက်ရှိပြီး စစ်တပ်က မြို့ပေါ်ဒေသများကိုသာ စိုးမိုးနိုင်တော့ကြောင်း၊ မြို့ ပြင်ပ ဒေသများကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့် KIA ပူးပေါင်းတပ်များက စိုးမိုးထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ထို့ပြင် ယမန်နေ့ နံနက်ပိုင်း စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေသော ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းရှိ KIA တပ်ရင်း တည်ရှိရာ ကဆုတ်ကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချသွားခဲ့ကြောင်း သိရှိရသည်။
