ရန်ကုန်၊ ဩဂုတ် ၂၁
အကြမ်းဖက်စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဒေသများကို ဦးစားပေး တိုက်ခိုက်သိမ်းယူရန် စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့စတင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များအနက်မှ စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်အတွင်းရှိ မြို့ပေါ် ဒေသများကို မဖြစ်မနေ ရနိုင်သမျှ ပြန်လည် သိမ်းယူရန် စီမံချက်ချ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃ မြို့နယ်ထဲက မြို့ပေါ် နေရာတွေကို ဦးတည်ပြီး သိမ်းပိုက်ဖို့ ညွှန်ကြားချက် ရှိပါတယ်။ တစ်မြို့နယ်လုံးကို သိမ်းဖို့ထက် မြို့ပေါ်ဧရိယာနေရာတွေကို အဓိက သိမ်းဖို့နဲ့ မြို့ပေါ် ဧရိယာနေရာတွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ စီမံချက်နဲ့ လုပ်နေတာလည်းဖြစ်ပါတယ် ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော နယ်မြေများ သိမ်းပိုက်ရေး စစ်ဆင်ရေးများသည် နယ်မြေများအားလုံး အလုံးစုံသိမ်းပိုက်ထိန်းချုပ်ရေးဆိုသည်ထက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နယ်မြေများကို ဖြစ်နိုင်သမျှ မြန်မြန် စီမံဆောင်ရွက်ထိန်းချုပ်ရန် အဓိကဖြစ်ကြောင်း၊ ယခုလာမည့် ရွေးကောက်ပွဲကာလာ ဒီဇင်ဘာလမတိုင်မီ အချိန်အထိ စစ်တပ်က ထိုးစစ်စစ်ကြောင်းကြီးများကို အရှိန်မြှင့်တင်ရန် စီမံချက်ချထားကြောင်း၊ စစ်ဆင်ရေး စီမံချက်တွင် ရေတိုကာလနှင့် ရေရှည် ကာ လဟူ၍ နှစ်မျိုး စစ်တပ်က လုပ်ဆောင်နေကြောင်း၊ ရွေးကောက်ပွဲအတွက် မြို့ပေါ် ဧရိယာနေရာများကို ဦးစား ပေး တိုက်ခိုက်သိမ်းရေးသည် စစ်တပ်၏ ရေတို ကာလ စီမံချက်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးထားသော မြို့နယ်များနှင့် နယ်မြေအားလုံး ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရေးမှာ ရေရှည် စစ်ဆင်ရေး စီမံချက် ဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က မြို့နယ် ၁၀၂ ခုတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၃၁ ရက်နေ့တွင် KIA ၊ MNDAA ၊ AA ၊ KNDF ၊ TNLA ၊ PDF ၊ KNU ၊ UWSA ၊ NDAA အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး လက်နက်ကိုင်မှုများ ချုပ်ငြိမ်းရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်က မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရေန်နှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ အရေးပေါ် အခြေ အနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း၊ ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို စစ်တပ်ဦးစီးချုပ်ကို လွှဲအပ်ကြောင်း ကြေညာခဲ့သည်။
မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် ကချင် ပြည်နယ်အတွင်းရှိ KIA စိုးမိုးထိန်းချုပ်ထားသော မြို့နယ် ၅ ခုပါဝင်ပြီး ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်တို့ပါဝင်သည်။
ကရင်နီပြည်တွင် KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
ကရင်ပြည်နယ်တွင် KNU အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၂ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။
ချင်းပြည်နယ်တွင် CNF၊ CNDF ၊ AA အပါအဝင် တော်လှန်ရေးတပ်များ သိမ်း ပိုက်ထားသော မြို့နယ် ၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကန်ပက် လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်တို့ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် PDF များ သိမ်းပိုက်ထားသော မြို့နယ် ၉ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲနှင့် အင်းတော်မြို့နယ်တို့ဖြစ်သည်။
မကွေးတိုင်းတွင် PDF များ သိမ်းပိုက်ထားသော မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များပါဝင်သည်။
မန္တလေးတိုင်းတွင် PDF နှင့် TNLA တို့ သိမ်းပိုက်ထားသော မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်သည်။
ထူးခြားချက်မှာ ရှမ်းပြည်နယ်မှ မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်ပြီး ယင်းကြေညာသော နယ်မြေများတွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားသော UWSA ၊ MNDAA ၊ NDAA တို့ထိန်း ချုပ်ထားသော မြို့နယ်များ ပါဝင်လာခြင်းဖြစ်သည်။
ရှမ်းပြည်နယ်ရှိ စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့် နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့ ပါဝင်သည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း KIA က သိမ်းပိုက်ထားသော မဘိမ်းမြို့နယ်လည်းပါဝင်သည်။
ရှမ်းပြည်နယ်တွင်ပင် စစ်တပ် နှင့်အပစ်အခတ်ရပ်စဲထားသော ကိုးကန့် MNDAA သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့်သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းတို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
အထူးခြားဆုံးအနေဖြင့် စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော NDAA ထိန်းချုပ်ထားသော မိုင်းလားမြို့နယ်နှင့် UWSA သိမ်းပိုက်ထားသော ဟိုပန်မြို့နယ်တို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
