ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့ အခြေစိုက် ခမရ-၄၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Spring Warriors Columnမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့တွင် ခမရ ၄၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ကိုအောင်ဆန်းမြင့် သည် အလင်းဝင်ရန် ဆန္ဒရှိကြောင်း SPRING WARRIORS COLUMN နွေဦးစစ်သည်တော်များစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုက်ကြီးကို ဆက်သွယ်လာ၍ သွားရောက် ကယ်ထုတ်ပေးခဲ့ရကြောင်း သိရှိရသည်။
ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ကိုအောင်ဆန်းမြင့်သည် MA-7 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်တို့ယူဆောင်လာပြီး အလင်းဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူအလုပ်လုပ်တဲ့ နေရာကတော့ ခန္တီးက မျှောတစ်ခုထဲမှာ အလုပ်လုပ်ပါတယ်။ သူကခန္တီးမြို့ မျှောတစ်ခုထဲမှာ အလုပ်လုပ်နေတဲ့ အချိန်မှာ အတင်းအဓမ္မ ပေါ်တာလာဆွဲသွားတာပေါ့။ ကျွန်တော်တို့ဆီကို ချိတ်ဆက်တဲ့ နေရာမှာ ကြားခံလည်း ပါသေးတယ်။ အဲဒီကြားခံကနေ ဆက်သွယ်ပြီးတော့မှ ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။ ဂုဏ်ပြုဆုငွေကတော့ ကျွန်တော်တို့ ၁၀သိန်း ချီးမြှင့်ထားပါတယ်။ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၈ ကပါ။ ဗထူးသင်တန်းကျောင်း၊တောင်ကြီးကပါ”ဟု Spring Warriors Columnမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့ဘက် မျက်နှာမူ၍ အလင်းဝင်လိုသော စစ်ကောင်စီ လက်အောက်ခံ တပ်သားများ အနေဖြင့် SPRING WARRIORS COLUMN နွေဦးစစ်သည်တော်များစစ်ကြောင်း မှ လက်ကမ်းကြိုဆိုလျှက်ရှိကြောင်း Spring Warriors Columnမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
ထို့ပြင် မင်းတပ်မြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်သားများ ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို ပြည်သူများက ဒုတိယအကြိမ်လာရောက်အပ်နှံခဲ့ကြောင်း Chin Defence Force – Mindat က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်သားမျာ မြေဖို့ဝှက်ထားခဲ့သော MA4 (၁)လက် ၊ MA 3 (၁) လက်၊MA1 (၁)လက် ၊ ၄၀မမ ဗုံးသီး(၅)လုံး နှင့် အခြားလက်နက် ဆက်စပ်ပစ္စည်းများကို ပြည်သူများက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံခဲ့သောကြောင့် ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

