အခြေခံဥပဒေသစ်ရေးဆွဲပြီး ရွေးကောက်ပွဲကျင်းပမှသာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအဆုံးသတ်မည့် အချက်အပါအဝင် စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး အချက် ၇ ချက်ကို KNU ထုတ်ပြန်
ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက် အာဏာသိမ်း စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲမှာ ဥပဒေကြောင်းအရ တရားမဝင်၍ ကရင်အမျိုးသား အစည်း အရုံး- KNU က လုံး၀ လက်မခံကြောင်း ယနေ့ တရားဝင် ထုတ်ပြန်ကြေညာ သည်။
ယနေ့တွင် KNU က အချက် ၇ ချက် ပါဝင်သော စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ကြေညာ ချက်ကို ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် ဥပဒေအရ တရားမဝင်ကြောင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိဘဲ လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံး၀ လက်မခံဟု ကြေညာသည်။
စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုး ရှည်စေရေးအတွက်သာ ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခများကို ပိုမို ပြင်းထန်လာစေရုံသာမက ဒေသ တွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။
စစ်တပ်က ထုတ်ပြန်ကြေညာလိုက်သော ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို ကိုင်တွယ်ရန် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းမှုနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်လိုက်မှုတို့ကြောင့် ပြည်သူများကို အကြောက်တရားအောက်တွင် ဆန္ဒသဘောထားမပါဘဲ ပါဝင်ပေးရမည့် အခြေအနေ သို့ ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။
စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် မျက် ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရန်မှာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံ ရေးအဖြေကို ဦးတည်သော အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံမှုမှ ရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲ ပြဋ္ဌာန်းအတည်ပြု မည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ကျင်းပသော ရွေးကောက်ပွဲသည်သာလျှင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာ နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု KNU က အပြည့်အ၀ ယုံကြည်ကြောင်း ထုတ်ပြန် ကြေညာသည်။
ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ် တပ်အာဏာသိမ်းယူမှု တရားဝင်မှု ရရှိစေရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းသည့် အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ ” ဖြစ်သွား နိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားကြရန် KNU က တိုက်တွန်းသည်။
အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည့် စစ်တပ်ကို အကျိုး ပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲကို ကရင် ပြည်သူ လူထု၊ ကရင်လက် နက်ကိုင်အဖွဲကအစည်းများ၊ ကရင်နိုင်ငံရေးအင်အား စုများ အပါအဝင် နိုင်ငံ ရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်းမပြုကြဘဲ အကြမ်း မဖက် သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားကြရန် KNU က တိုက်တွန်းထား သည်။
ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်ခဲ့သော သော ၇၅ နှစ်မြောက် ကေအဲန်ယူ – ကရင်အမျိုးသားအစည်း အရုံးနေ့ -Karen National Union Day အခမ်းအနား။ (ပုံအဟောင်းဖြစ်ပါသည်။)
