ရန်ကုန်၊ ဩဂုတ် ၂၇
တနင်္သာရီတိုင်းတွင် နယ်မြေ စစ်ဆေးရေး ကွင်းဆင်းသည့် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ် ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် KNLA ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ ဦးတည်၍ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၃ စီးကို မြိတ်-ထားဝယ်ခရိုင်၊ လယ်က ဆော မြို့နယ်၊ ထောင်ယွန်းကျေးရွာအနီး KNLA တပ်များက စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် အပါအဝင် စစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်မှူးကြီး မျိုးသန့်၏ အလောင်းအပါအဝင် စစ်သားအလောင်းများကို ရသမျှ ကောက်ယူကာ ဘုတ်ပြင်းမြို့ဘက်သို့ ပြန်လည် ဆုတ်သွားကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်၏ စစ်တပ်သတင်းရင်းမြစ်က ဗိုလ်မှူးကြီး မျိုးသန့်သည် လေညာမြို့သို့ ခုခံစစ် ဆင်ရေးများကို ကွပ်ကဲရန်နှင့် တပ်စစ်ဆေးရေး သွားရောက်ရန် စစ်ယာဉ်တန်းဖြင့် သွားရောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုသည်။
” အမှတ် ၁၃ ကွပ်ကဲမှု ဌာနချုပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် က သေဆုံးသွားခဲ့တာ မှန်ပါတယ်။ လက်နက်ငယ် ပစ်ခတ်မှုနဲ့ မှန်ပြီး သေဆုံးတယ်။ ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးတစ်ယောက်က စစ်ယာဉ်တန်း ၃ စီးမှာ ခေါင်းပေါင်း In Charge လို ပုံစံမျိုးနဲ့ သွားတာဆိုတော့။ သူနဲ့အတူ ဗိုလ်မှူးအဆင့် စစ်ဦးစီးမှူး ဒုတိယတန်း တစ်ယောက်လည်း သေသွားတယ်လို့ အတည်ပြုနိုင်တယ်။ နာမည်တော့ စိစစ်နေဆဲပဲ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ကမ်းရိုးတန်းဒေသမှာ ဒုတိယတပ်မမှူးအဆင့် ပထမဦးဆုံးကာကွယ်ရေးအင်အားစုတွေရဲ့ မြေပြင်တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ထိမှန်သေဆုံးခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
စကခ ၁၃ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့်သည် တနင်္သာရီတိုင်း ပြည်သူ့စစ်တပ်များကို ဦးစီးကွပ် ကဲရသူတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၄၀ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံခဲ့ရသူဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့်တပ်သက်၍ ကမ်း ရိုးတိုင်းစစ်ဌာနချုပ်က စကခ ၁၃ စကခမှူး ထံသို့ ဖြေရှင်းချက်တောင်းခံနေပြီး စစ်ခုံရုံးဖွဲ့စစ်ဆေးမှုများ လုပ်ဆောင်ရန် ရှိနေကြောင်း သိရှိရသည်။
“အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ စအခ မှူးကတော့ ဗိုလ်မှူးချုပ် ဇေယျာလင်း ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကပဲ ဒုတိယစစ်ဆင်ရေးကွပ်ကဲမှူးတစ်ယောက်ကို လမ်းကင်းသေချာချထားခြင်း မရှိဘဲနဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးတစ်ယောက်ကျဆုံးသွားရတဲ့အတွက် တိုင်းစစ်ဌာနချုပ်ကနေတော့ ဖြေရှင်းချက်တောင်းနေတယ်။ စုံစမ်းစစ်ဆေးရေးခုံရုံးလည်း ဖွဲ့ပြီးတော့ အစစ်ခံရမယ်လို့ သိရပါတယ်။ ဒုတိုင်းမှူးအဆင့်ထက်မနိမ့်တဲ့ဟာမျိုးနဲ့တော့ စုံခုံဖွဲ့ပါလိမ့်မယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
KNU -မြိတ်-ထား ဝယ်ခရိုင်၊ သတင်းနှင့်ပြန်ကြားရေးဌာနက ဩဂုတ်လ ၂၅ ရက်နေ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အတည်ပြု သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
