ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်များက ဆင်နွှဲနေသော ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ခမရ ၃၁၉ တပ်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင်သေဆုံးပြီး စစ်တပ်ဘက်မှ စစ်သားအလောင်းများ စုပုံနေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ ဗန်းမော်တိုက်ပွဲတွင် တော်လှန်ရေးတပ်များ၏ ဒရုန်းများက ပစ်ခတ်ခဲ့သော ဗုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ခမရ ၃၁၉ ဗိုလ်ကြီး ခန့်ထက်နောင် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ကြီး ခန့်ထက်နောင်က ဗန်းမော်ဇာတိဖြစ်ပြီး စစ်ကြောင်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်ကြောင်း သိရှိရသည်။
“တော်လှန်ရေး ရဲဘော်တွေရဲ့ဒရုန်းစာမိသွားတာ။ သေဆုံးတဲ့ ဗိုလ်ကြီးက ခမရ ၃၁၉ ဗိုလ်ကြီး ခန့်ထက်နောင်ဖြစ်ပြီးတော့ ဗန်းမော်ဇာတိဖြစ်ပါတယ်။ သူက စစ်ကြောင်းမှူးပါ။ မသေခင် အမှတ် ၃၆၆ သံချပ်ကာ တပ်ဘက်မှာ ထိုးစစ်တင်တာဝန်ယူထားတာ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဗိုလ်ကြီး ခန့်ထက်နောင်သည် လွန်ခဲ့သော ၂ လ ဝန်းကျင်ကမှ ဗန်းမော်ဒေသသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။
ဗန်းမော်မြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့နှင့် ဩဂုတ်လ ၂၅ ရက်နေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း၊ လက်ရှိအချိန်အထိ စစ်သားအလောင်းများ ဗန်းမော်မြို့ စကခ ၂၁ ဝန်းကျင်အနီးတွင်ရှိနေကြောင်း၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း၊ စစ်တပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



