ရန်ကုန်၊ စက်တင်ဘာ ၆
အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ လုံခြုံရေး ထိခိုက်စေနိုင်သော လှုံ့ဆော်မှုနှင့် အွန်လိုင်းမီဒီယာအသုံးပြု ကျူးလွန်သူများကို ဖော်ထုတ်အရေးယူရန် မင်းအောင်လှိုင် ခန့်အပ်ထားသော ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်းနောင်(ဒုဗိုလ်ချုပ်ကြီး)က ညွှန်ကြားခြိမ်းခြောက်လာသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကော်မတီအစည်းအဝေး၂/၂၀၂၅ တွင် ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်းနောင်က ထိုသို့ ပြောဆိုခြိမ်းခြောက်လာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အဆင့်လိုက် ကျင်းပ မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် အွန်လိုင်းမီဒီယာများပေါ်တွင် ရေးသားဖြန့်ဝေခဲ့သူများကို ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့အထိ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်မှု ၃ မှုရှိခဲ့ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြုကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ် ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ဆောင်ရွက်ရန် ထွန်းထွန်းနောင်က ညွှန်ကြားသည်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့မှုအပေါ် လားရှိုးမြို့တွင် လုံခြုံရေးမရှိဖြစ်နေကြောင်း၊ ပြည် သူများကို မဲပေးရန် သာတိုက်တွန်းနေပြီး လုံခြုံရေး မရှိကြောင်း၊ ပြည်သူ့ဆန္ဒမဲသာလိုချင်ပြီး အဖြစ်မရှိကြောင်း တောင်ကြီးမြို့မှ ကိုနေသွေးက လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်။ အဆိုပါရေးသားမှုအပေါ် စစ်တပ်က ကိုနေသွေး၏ “Lashio Baegyi” Facebook Account ၏ ရေးသားမှုများသည် ပါတီစုံဒီမိုကရေစီအ ထွေထွေ ရွေးကောက်ပွဲကို ပျက်ပြားစေရန်ု ရေးသားဖြန့်ဝေမှုအဖြစ် သတ်မှတ်ပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်။
အကြမ်းဖက် စစ်တပ်က ယခုနှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကို ကာကွယ်ရန်အတွက် နှောင့်ယှက် ဖျက်ဆီးသူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ ထောင် ဒဏ် တစ်သက် တစ်ကျွန်းနှင့် သေဒဏ်များ ချမှတ်နိုင်သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥ့ပဒေ”ကို ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ဥပဒေတွင် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူမည်ဖြစ်ကြောင်း၊ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊ လူစုလူဝေးဖြင့် ကန့်ကွက်ခြင်း၊ လူသေဆုံးစေခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်၍ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့်သေဒဏ်တို့ကို ချမှတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
