တပ်သားမှ ဗိုလ်ကြီးအဆင့်အထိသေဆုံးမှုကိုမူ အလောင်းရရှိမှုအပေါ် မူတည် ခံစားခွင့်ပေးပြီး အလောင်းမပြနိုင်လျှင် မည်သည့်ခံစားခွင့်မှ အလွယ်တကူ မရ
ရန်ကုန်၊ စက်တင်ဘာ ၈
အကြမ်းဖက်စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်နှင့်အထက် စစ်အရာရှိများ တိုက်ပွဲအတွင်း သေဆုံးလျှင် နာရေးစရိတ်နှင့် သက်စွန့် ဂုဏ်ပြု မှတ်တမ်းလွှာ ချက်ချင်းထုတ်ပေးပြီး အသက်အာမခံလျှော်ကြေး၊ ပင်စင် အပါအဝင် ခံစားခွင့်များကို ၃ လအတွင်း ရရှိရေး ဆောင်ရွက်ပေးကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားများစွာအနက်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အဆင့်မှ စတင်၍ သက်စွန့်ဂုဏ်ပြုလွှာထုတ်ပေးခြင်း၊ နာရေးစရိတ်အဖြစ် အနည်းဆုံး ငွေကျပ် ၅ သိန်း ထုတ်ပေးခြင်းများကို လုပ်ဆောင်ပေးကြောင်း၊ အခြားသော ခံစားခွင့်များဖြစ်သည့် အသက်အာမခံကြေး၊ သက်စွန့်စရိတ် တစ်လုံးတစ်ခဲတည်းငွေကြေး၊ ပင်စင်ခံစားခွင့်များကိုလည်း အထူးအရေးကိစ္စအဖြစ် ၃ လအတွင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
“တိုက်ပွဲထဲမှာ သေဆုံးရင် ဗိုလ်မှူးအဆင့်ဆိုရင် ဒုတိဗိုလ်မှူးကြီးအဖြစ် ရာထူး တစ်ဆင့်တိုးပေးပါတယ်။ နာရေးစရိတ်ပေးတယ်။ သက်စွန့်ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ရာထူးခန့်ချုပ်ရုံးကနေ ထုတ်ပေးတယ်။ ဗိုလ်မှူး အဆင့်မှာ တိုက်ပွဲအတွင်း သေဆုံးတယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီး ရာထူးတိုးသွားတဲ့အတွက် ပင်စင်ကိုလည်း ဒုတိယဗိုလ်မှူးကြီးအဆင့် ပင်စင်ပေးတယ်။ ရာထူးလည်းတိုးတယ်။ ပင်စင်လစာလည်းတိုးတယ်။ သက်ပြည့်ပင်စင်နဲ့ တပ်က ထောက်ပံ့တဲ့ တစ်လုံးတစ်ခဲတည်း သက်စွန့်စရိတ်လည်း တိုးတယ်။ ဗိုလ်မှူးအဆင့်မှပါ။ ကျန်တဲ့ အောက်ခြေ တပ်သားကနေ ဗိုလ်ကြီးအထိကတော့ အလောင်းမပြနိုင်ရင် ပျောက်ဆုံးစာရင်းသွင်းတယ်။ ၆ လအတွင်း လစာတစ်ဝက်ပဲပေးတယ်။ ၆ လကျော်မှ မိသားစုက စစ်ရုံးမှာ ပင်စင်နဲ့ အသက်အာမခံရဖို့ ဆက်လျှောက် ရတယ်။ ဒါက ကကနကောင်စီက သတ်မှတ်ထားတာဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ယမန်နှစ် လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော အမှတ် ၆၂၆ ထောက်ပို့တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကျန်ရစ်သူ ဇနီးသည်က အလောင်းမပြနိုင်သည့်အတွက် ယခုအချိန်အထိ ခံစားခွင့်များမရရှိကြောင်း၊ ၆ လအတွင်း လစာတစ်ဝက်ဖြင့် စစ်တပ်က ယာယီချထားပေးသော နေရာတွင် နေထိုင်ခဲ့ရပြီး ၆ လကျော်သောအခါ တပ်က နှင်လွှတ်ကြောင်း၊ လက်ရှိအချိန်အထိ ၁ နှစ်ကျော် ကြာမြင့်သည့်တိုင် မည်သည့် ခံစားခွင့်မှ မရရှိသေးကြောင်း ပြောဆိုသည်။
“ပြန်လွတ်လာတဲ့ ရဲဘော်တွေက ဗိုလ်ကြီးသေဆုံးသွားပြီဆိုတာ ပြောပေမယ့် အထက်က အဲဒါကို သက်သေအဖြစ် မယူဘူး။ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာမျိုးဖြစ်နိုင်တယ်ဆိုပြီး အခုထက်ထိလည်း ဘာမှ ခံစားခွင့်မရပါဘူး။ အသက်အာမခံကြေးလည်းမရဘူး၊ ပင်စင်လည်း မရဘူး။ နာရေးစရိတ်လည်းမရဘူး။ ဘာဂုဏ်ပြု မှတ်တမ်း လွှာမှလည်းမရပါဘူး။ လက်ရှိတော့ မိဘအိမ်မှာပဲ ကလေးနဲ့ ပြန်နေပါတယ်” ဟု ကျန်ရစ်သူ ဇနီးသည်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က တပ်သားအဆင့်မှ ဗိုလ်ကြီးအဆင့်အထိ သေဆုံးမှုများ၊ စစ်မှုထမ်းတပ်သားသစ်များ၏ သေဆုံးမှုများကိုမူ ကျန်ရစ်သူမိသားစုထံ အသိပေး အကြောင်းကြားခြင်းမရှိဘဲ လျစ်လျူရှုထားသဖြင့် ကျန်ရစ်သူ မိသားစုအများအပြား အတိဒုက္ခရောက်နေရကြောင်း တပ်အသိုင်းအ၀ိုင်းမှ ကျန်ရစ်သူမိသားစုတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




