27.8 C
Yangon

စစ်အုပ်စုက တရုတ်အကူအညီဖြင့် သန်း ၃၀ ကျော်သော ပြည်သူများအပေါ် အချိန်ပြည့် စောင့်ကြည့်ထောက်လှမ်းနေသည့်အပြင် Malware ဗိုင်းရပ်စ်များ အသုံးပြုပြီး ပြည်သူကို ရန်သူသဖွယ် ဟက်ကင်း (Hacking) ပြုလုပ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

သန်း ၃၀ ကျော်သော အင်တာနက်အသုံးပြုသူ ပြည်သူများ၏ အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်ထောက်လှမ်းရန်အတွက် တရုတ်ကုမ္ပဏီ Geedge Networks ၏ အင်တာနက်စောင့်ကြည့် ထောက်လှမ်းရေးပစ္စည်း၊ နည်းပညာများကို ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တပ်ဆင်အသုံးပြုနေကြောင်း Justice For Myanmar (JFM) က ယမန်နေ့ကထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်တနေ့တွင်ပင် JFM က တရုတ်နိုင်ငံ၏ အင်တာနက်ထိန်းချုပ်ရေးမဟာရံစနစ် (Great Firewall) နင့် အလားသဏ္ဍန်တူသည့် အဆိုပါဘက်စုံစောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာစနစ်ကို တရုတ်ကုမ္ပဏီ Geedge Networks ကပင် မြန်မာအပါအဝင် ကမ္ဘာတဝန်းမှ အာဏာရှင်အစိုးရများထံ ရောင်းချနေကြောင်း InterSecLab အဖွဲ့၏ အစီရင်ခံစာကို အခြေခံပြီး ဆက်လက်ထုတ်ပြန်ခဲ့သည်။

လျို့ဝှက်ပေါက်ကြားလာသည့် ကုမ္ပဏီ၏ စာရွက်စာတမ်း ၁၀၀,၀၀၀ ကျော်ပါ အချက်အလက်များအပေါ် အခြေခံပြီး တရုတ်ကုမ္ပဏီ Geedge Network သည် မြန်မာ၊ အီသီယိုပီးယား၊ ပါကစ္စတန်၊ ကာဇတ်စတန် အပါအဝင် အာဏာရှင်နိုင်ငံအများအပြားတွင် ကြောက်ခမန်းလိလိ စွမ်းဆောင်နိုင်သည့် ထောက်လှမ်းရေးနည်းပညာနှင့် စက်ပစ္စည်းများကို တပ်ဆင်ရောင်းချပေးနေကြောင်း InterSecLab က ဖော်ထုတ်နိုင်ခဲ့သည်။

Geedge Network က မြန်မာနိုင်ငံအပါအဝင် အာဏာရှင်နိုင်ငံများသို့ ပေးအပ်ရောင်းချထားသော စက်နှင့် နည်းပညာများတွင်-

၁) အင်တာနက်အသုံးပြုသူများ၏ လှုပ်ရှားမှုများအား ကြားဖြတ်ကြည့်ရှုခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းများအတွက် အသေးစိတ်စစ်ဆေးခြင်း

၂) မိုဘိုင်းဖုန်းအသုံးပြုသူများ၏ တည်နေရာအား အချိန်နှင့်အမျှ ခြေရာခံခြင်း

၃) ဆန္ဒပြပွဲများနှင့် အခမ်းအနားများ လုပ်ဆောင်နေချိန်အတွင်း အင်တာနက်သုံးစွဲမှုများအား ဆန်းစစ်ခြင်း

၄) သုံးစွဲသူများ၏ လှုပ်ရှားမှုပုံစံများတွင် “သံသယဖြစ်ဖွယ်” တွေ့ရှိပါက အလိုအလျောက် အချက်ပြခြင်း

၅) ဝဘ်ဆိုဒ်များနှင့် အပ်ပလီကေးရှင်းများအား စိတ်ကြိုက်လိုသလို ပိတ်ပင်ခြင်း

၆) ပိတ်ပင်လိုသည့် ဝန်ဆောင်မှုများအား သုံးစွဲမှု ထိန်းချုပ်/ ပိတ်ပင်ခြင်း

၇) ကိုယ်ပိုင်ကွန်ရက်တု (VPN) သုံးစွဲသူများ အပါအဝင် သုံးစွဲသူတစ်ဦးချင်စီအား ဖော်ထုတ်ခြင်းနှင့် ခြေရာခံခြင်း

၈) အွန်လိုင်းသုံးစွဲမှုအမူအကျင့်များအပေါ် အခြေခံ၍ အဆင့်အတန်း အမှတ်ပေးထောက်လှမ်းခြင်း

၉) အန္တရာယ်ပြုဆော့ဝဲလ်များ ထိုးဖောက်ထည့်သွင်းနိုင်ခြင်း

စသည့် သတိထားဖွယ်ရာ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းဆောင်ရည်များ ပါဝင်နေပြီး၊ စစ်အုပ်စုက ၄င်းတို့ကို အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ ဝယ်ယူသူအစိုးရများသည် ဝယ်ယူမှုများအပေါ် မွန်းမံပြောင်းလဲမှုများနှင့် လိုအပ်သည့် စွမ်းဆောင်ရည်များကို ကုမ္ပဏီထံ တောင်းဆိုနိုင်မည်ဖြစ်ပြီး၊ အချိန်နဲ့အမျှ ထွက်ပေါ်လာသော ဗားရှင်းသစ်များကို အသုံးပြုနိုင်အောင် Geedge Networks က ပြုလုပ်ပေးမည်ဖြစ်သည်။ ယင်းအချက်ကြောင့်ပင် အင်တာနက်ထိန်းချုပ်ရေးနှင့် ဖိနှိပ်ရေးဆိုင်ရာ နည်းပညာများကို အာဏာရှင်အစိုးရများအကြား မျှဝေအသုံးပြုမှု နည်းပညာဂေဟစနစ် ကျယ်ပြန့်လာမည်ဖြစ်သည်။

တနည်းအားဖြင့် စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာများအား သုံးကုန်ပစ္စည်းတစ်ရပ်ကဲ့သို့ ဖန်တီးလိုက်ခြင်းသည် ကမ္ဘာတဝန်းရှိ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းများအတွက် အကြီးအကျယ်ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်းနှင့် သုံးစွဲသူအစိုးရများအနေဖြင့် ယင်းထုတ်ကုန်များဖြင့် နိုင်ငံတွင်း စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများကို ထုနှင့်ထည်နှင့် လွယ်လင့်တကူ ထိန်းချုပ်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

အဆိုပါ Geedge Networks ၏ အဓိကထုတ်ကုန်တစ်ခုဖြစ်သော Tiangou Secure Gateway (TSG) သည် တရုတ်နိုင်ငံ၏ Great Firewall နှင့် နှိုင်းယှဉ်နိုင်သော စွမ်းရည်များပြည့်စုံကြောင်း JFM ၏ထုတ်ပြန်ချက်တွင် သတိပေးထားပြီးဖြစ်သည်။ TSG ၏စွမ်းဆောင်ရည်များအနက် အန္တရာယ်ပြု Malware ဗိုင်းရပ်စ်များကို ပြည်တွင်းအင်တာနက် အသုံးပြုလမ်းကြောင်းများတွင်း ထိုးဖောက်ထည့်သွင်းနိုင်ခြင်းသည်လည်း အင်တာနက်သုံးစွဲသူပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအချက်ဖြစ်သည်။

အကြမ်းအားဖြင့် TSG သည် အင်တာနက်သုံးစွဲသူများ ဝင်ရောက်ကြည့်ရှုသော ဝက်ဘ်စာမျက်နှာတွေထဲသို့ Malware ဗိုင်းရပ်စ်ကုဒ် JavaScript နဲ့ CSS များ ထည့်သွင်းနိုင်တဲ့အပြင်၊ Android APK ဖိုင်များ၊ Windows EXE ဖိုင်များ၊ macOS DMG disk images များနှင့် Linux RPM packages များအပါအဝင် ဖိုင်အမျိုးအစားပေါင်းစုံကို ချက်ချင်းပြင်ဆင် မွမ်းမံမှုများ ပြုလုပ်နိုင်သည်။ JPG, GIF, PNG နဲ့ SVG ကဲ့သို့သော ရုပ်ပုံဖိုင်အမျိုးအစားများနှင့် ZIP နဲ့ RAR ကဲ့သို့သော archive ဖိုင်အမျိုးအစားမျိုးစုံ၊ office စာတွဲများ၊ PDF, JSON နှင့် XML ဖိုင်များကိုလည်း လိုသလို ပြောင်းလဲနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ဟက်ကင်း (Hacking) ဆိုင်ရာဖြစ်သော လူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ကူးစက်စေရန်အတွက် မည်သည့် URL များအား ဖမ်းယူအသုံးချရန် အသင့်လျော်ဆုံးဖြစ်မည်ကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် Cyber Narrator ကိုအသုံးပြုပြီး လူတစ်ဦးချင်းစီ၏ အင်တာနက်သုံးစွဲမှုအချက်အလက်များကို ပစ်မှတ်ထား ထိုးဖောက်ဝင်ရောက် ခိုးယူနိုင်သလို၊ အင်တာနက်သုံးစွဲသူများ၏ ဖုန်း/ကွန်ပြူတာများမှတဆင့် ယခင်အင်တာနက်သုံးစွဲမှုများအပေါ် ခွဲခြမ်းစိတ်ဖြာပြီး ဖြစ်နိုင်ခြေရှိသော အားနည်းချက်များကို ထုတ်ဖော်ကာ ထိုမှတဆင့် ဟက်နိုင်ရန်လည်း စွမ်းဆောင်နိုင်သည်။

ထိုသို့ စစ်အုပ်စုက ပြည်သူများအပေါ် ဟက်ကင်း (Hacking) ပြုလုပ်ခြင်းအပါအဝင် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းနိုင်ရန် လုပ်ဆောင်လာခြင်းသည် စစ်အာဏာသိမ်းအပြီး တစတစ ပြင်းထန်လာသော ဒီဂျစ်တယ် ဖိနှိပ်မှုများကို ထင်ရှားစွာ မြင်တွေ့လာရခြင်းဖြစ်သည်။ ယင်းဖိနှိပ်မှုများက စစ်အုပ်စုလက်အောက်တွင် လွတ်လပ်ခြင်းကို ဖော်ညွန်းသည့် ဒီမိုကရေစီ ဆိတ်သဥ်းလာခြင်းကို ထင်ရှားစွာပြသနေသလို၊ နိုင်ငံသားတဦးသည် မည်သည့်အချိန် မည့်သည့်အကြောင်းပြချက်နှင့်မဆို အဓမ္မဖမ်းဆီးခံရနိုင်ကြောင်းကို အဓိပ္ပယ်ဖွင့်ဆိုနေခြင်းလည်းဖြစ်သည်။

တရုတ်ကုမ္ပဏီ Geedge Networks သည် တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများအပေါ် အင်တာနက် ကန့်သတ်ဆင်ဆာဖြတ်ခြင်းလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သလို၊ လက်ရှိ စစ်အုပ်စု၏အလိုကျ ATOM (ယခင် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom စသည့် ပြည်တွင်းအင်တာနက်ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တရုတ်စတိုင် အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ကို အကောင်အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

တရုတ်စတိုင် အင်တာနက်ပိတ်ပင်ရေးစနစ်ကို စစ်အုပ်စုအလိုကျ မြန်မာနိုင်ငံတွင်း တပ်ဆင်ပေးခြင်းသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်နိုင်ငံ၏ အားပေးကူညီနေမှုကို ပြသနေခြင်းဖြစ်ကြောင်း Justice For Myanmar ကဆိုလိုက်ပြီး၊ Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် အခြားသက်ဆိုင်သူများအားလည်း နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်တို့ကို Justice For Myanmar က တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article