ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းနှင့်ညပိုင်းပါ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ အထိနာကာ အများအပြားသေဆုံးခဲ့ကြောင်း၊ စစ်သုံ့ပန်းများကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
“မနေ့တုန်းက တိုက်ပွဲမှာဆိုရင် တစ်နေ့လုံး၊ တစ်ညလုံးချကြတာ။ စခတွေဘက်က အထိအခိုက် အကျ အဆုံးအများကြီး ရှိတယ်။ အဲဒီညောင်ပင်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံး တာ တွေများတယ်။ အရှင်ဖမ်းမိတာတွေလည်းရှိတယ်။ စခတွေရဲ့ သေနတ်တွေ သိမ်းရတာလည်းရှိ တယ်။ ဖားကန့်မြို့အနီးက ညောင်ပင်ကုန်းမှာ တိုက်ပွဲတွေနေ့တိုင်းတောက်လျှောက်ဖြစ်နေတာ။ ဒီ ၃ လ ကျော်အတွင်းမှာ စစ်ကောင်စီ ဘက်က ထိတာတွေ၊ သေတာတွေက ရာချီရှိနေပြီ။ တော် တော် အထိနာတယ်။ အထိနာနေပေမယ့် စစ်တပ်က KIA ၊ KPDF သိမ်းထားတဲ့နေရာတွေကို ပြန်သိမ်းဖို့ ကြိုးစား နေ တုန်းပဲ။ သူတို့ ထိုးစစ်ဆင်လာတိုင်းလည်း သူတို့ဘက်မှာ အထိအခိုက်အကျအဆုံးအများကြီးရှိနေတယ်။” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းများကို ဦးစီးနေသူများမှာ တပ်မကုန်းတပ်မှူး ဗိုလ်မှူးချုပ် ကောင်းမင်း ထွဋ် နှင့် မိုးကောင်းမြို့အခြေစိုက် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးချုပ်ဇော်လင်းတို့ဖြစ်ပြီး ၃ လကျော် အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၅ ဦးထက်မနည်းသေဆုံးထားပြီး ၂၅၀ ကျော်ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လတ်တလော တိုက်ပွဲများကြောင့် ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်မှာ စစ်ဘေး ရှောင်နေကြရပြီး အရေးပေါ်စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ဖားကန့်အနောက်ခြမ်းက ရွာ ၁၃ ရွာလောက်က ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်။ စစ်ဘေး ရှောင်နေရတဲ့ ပြည်သူတွေမှာ စားဝတ်နေရေး အကူအညီတွေ အများကြီး လိုအပ်နေတယ်။ ဖားကန့် စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးပါဖို့ တိုက်တွန်းပါတယ်။ စစ်ကြောင်းတွေက တောက်လျှောက်စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေလည်း ဆက်ဖြစ်ဖို့အလားအလာများတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဖားကန့်မြို့နယ်သို့ မေလနှောင်းပိုင်းမှစတင်၍ စစ်ကြောင်းများ ခွဲကာ ထိုးဖောက်ဝင်ရောက် လာခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
