ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်တပ်က အင်အားထောင်ချီသုံး၍ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး ရေးမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ရေးဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ရယူနိုင်ရေး စစ်ကြောင်းထိုးနေသည်မှာ ဩဂုတ်လကတည်းက ဖြစ်ပြီး လက်ရှိအချိန်အထိ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“နှစ်ကရင် ရွာဘက်ကနေ ပြည်ထောင်စုလမ်းကိုဒီကောင်တွေ ပြန်လုနေတယ်။ တိုက်ပွဲကတော့ ကျနော်တို့နဲ့ ဖြစ်တာ မဟုတ်ပါဘူး”ဟု ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင် ရေးဘီလူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်တပ်က ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရေးအတွက် စစ်မှုထမ်းတပ်သားသစ်များ ထောင်ချီ သုံးလာကြောင်း၊ မော်လမြိုင်-ရေး-ထားဝယ် လမ်းတစ်လျှောက် စစ်ကြောင်းများ ခွဲကာ နေရာပေါင်းစုံမှ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
” လူအင်အားက အရမ်းများတယ်။ နေရာပေါင်းစုံကနေ စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်နေတာ။ ဒီနှစ်မကုန်ခင် သူတို့ အပြီးသိမ်းဖို့ ရည်ရွယ်ပုံရတယ်။ တိုက်ပွဲတွေက ဖြစ်လိုက်၊ လမ်းတွေ ခဏ ပိတ်သွားလိုက်၊ ပြန်ပွင့်လိုက်ဖြစ်နေတယ်။ မလိုအပ်ရင်တော့ ပြည်သူတွေ ခရီးမသွားဖို့ သတိပေးချင်တယ်” ဟု ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တော်လှန်ရေးသတင်းရင်းမြစ်က သတိပေးသည်။
ထို့ပြင် စစ်တပ်က အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် စိုးမိုးရေး ထိုးစစ်ဆင်နေချိန် ထားဝယ်မြို့နယ် ပကာရီကျေးရွာအတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်များက စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၄ နာရီအချိန် ပကာရီရွာ၊ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က အထိနာသည့်အတွက် ယနေ့တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“စစ်တပ်က သူတို့ အထိနာလို့ ရမ်းသမ်းပစ်တာ ပြည်သူ ၁ ဦးသေဆုံးတယ်။ စစ်ကြောင်းတွေလည်း ထပ်ပြီး တက်လာနေတာရှိတယ်။ သူတို့က ပြည်ထောင်စုလမ်းမကြီးကို ထိုးစစ်ဆင်သလို ထိုင်း-မြန်မာနယ်စပ်စခန်းတွေပြန်ရဖို့လည်း သူတို့ ထိုးစစ်ဆင်နေတယ်။ ပြည်သူတွေကိုတော့ အသိ သတိနဲ့ နေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ထားဝယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က သတိပေးသည်။
တနင်္သာရီတိုင်းအတွင်း စစ်တပ်၏ တန်ပြန်ထိုးစစ်ကို PDF များနှင့် KNLA တပ်များက အဓိက ခုခံတိုက်ထုတ်နေပြီး လက်ရှိ အချိန်အထိ စစ်တပ်က အထိနာနေကြောင်း၊ နယ်မြေစိုးမိုးမှုအနေဖြင့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
