ရန်ကုန်၊ ဇွန် ၂၆
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းရှိ အလှူခံ ပုံးများကို ရိုက်ခွဲကာ ပိုက်ဆံများ ယူဆောင်သွားကြောင်း နယ်မြေခံ သတင်း ရင်းမြစ်ဖြစ်သည့် ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အဆိုပါ မင်းကုန်းရွာတွင် ပြည်သူပိုင် နေအိမ် ၁၆၀ ကျော်ခန့်ရှိကာ နေအိမ် အများစုက စစ်တပ်က ဝင်ရောက် မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများ၊ ရွှေတစ်မတ်သား ဆွဲကြိုးတစ်ကုံး၊ ရွှေဆံထိုး တစ်စုံ၊ တခြားရွှေထည် ပစ္စည်း များနှင့် ငွေကြေးများပါ ခိုးယူသွားပြီး ဘုန်းကြီးကျောင်းအတွင်းရှိ အလှူခံ ပုံးကိုလည်း စစ်သားများက ရိုက်ခွဲကာပိုက်ဆံများ ယူဆောင်သွားကြောင်း သိရသည်။
ကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ သော ကြောင့် ပြည်သူပိုင် နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့ပြီး တခြား နေအိမ် များရှိ ၎င်းတို့ မယူဆောင်သော ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရသည်။