စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် ကာကင်းစခန်း ၆ ခုကို သိမ်းပိုက်ရရှိထားကြောင်း PDF စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ဗန်းမောက်မြို့ရှိ စစ်တပ် စခန်းများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကာ စစ်တပ် ကာကင်းစခန်း ၆ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗန်းမောက်မြို့ ကာကင်းစခန်းများကို ဗျူဟာမှူး ရဉ်ထွန်း ဦးဆောင်သော SNA တပ်မဟာ ၆၁၄ မှ အင်အား ၄၀၀ ခန့်က တပ်စွဲထားခြင်းဖြစ်ပြီး PDF တပ်ဖွဲ့က မြစ်သေးချင်းရွာ ကာကင်းကုန်း (၁)၊ မြစ်သေးချင်းရွာ ကာကင်းကုန်း (၂)၊ တာဝါတိုင်ကုန်း၊ AGBT၊ ကျွဲကောကုန်း၊ စက်တောကုန်း စသည့် စခန်း ၆ ခုကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေတုန်းပါပဲ ဗန်းမောက်မြို့နားက စစ်ခွေးနဲ့ SNA တွေ ပူးပေါင်းပြီး အင်အား ၄၀၀ လောက်နဲ့ တပ်စွဲထားတဲ့ ကာကင်းစခန်း ၆ ခုကိုတော့ သိမ်းနိုင်ခဲ့ပြီး စစ်ခွေးတွေဘက်က အသေများပါတယ်။ ကာကင်းက ကောင်တွေက မြို့ပေါ်ထိ ဆုတ်သွားပြီ” ဟု PDF စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅)၊ အမှတ် (၁) စစ်ဒေသ စစ်ကြောင်း၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ကသာခရိုင် ပကဖလှုပ်ရှားအဖွဲ့ ၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ဗန်းမောက်-ဟုမ္မလင်း လမ်းပိုင်းကို ပိတ်ဆို့ထားပြီး မြို့ပေါ်တွင် နေထိုင်သည့် ထောင်နှင့်ချီသော ပြည်သူများကို စစ်ဘေးတိမ်းရှောင်ခွင့်မပေးဘဲ လူသားဒိုင်း ပြုလုပ်ထားကြောင်း သိရသည်။
လတ်တလော စစ်တပ်က ဗန်းမောက်မြို့ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
