မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးကာ၊ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁နာရီ ၂၃မိနစ်အချိန်နှင့် နံနက် ၁၁နာရီ ၃၁မိနစ်အချိန်တို့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ (Paramotor) ၂စီးဖြင့် မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း မှော်အတွင်း အလုပ်လုပ်ကိုင်နေသည့် ထနောင်းကုန်းရွာတွင် နေထိုင်သော အမျိုးသမီး ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၃ ဦး၏ ကျေးရွာများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက်အရွယ်ကတော့ မသိရဘူး။ ထနောင်းကုန်းဇာတိလို့ ပြောပါတယ်။ ရေနံခက်တဲ့ မိန်းကလေးပါ။ထိခိုက်ဒဏ်ရာရတဲ့သူကတော့ ပြည်သူ၃ ဦးကတော့ ဘယ်ကျေး ရွာကလဲဆိုတော့ မမေးလိုက်ဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ သက်သက် လာကျဲနေတာ ဒီနေ့နဲ့ဆိုရင် ၂ရက်ဆက်တိုက်ရှိပြီ။ ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်နဲ့ မနေ့ကဆိုရင် ဆူးဝင်းရယ် အရှေ့ မြောက်ဘက် အကြောင်းမဲ့ သက်သက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာပါ”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
လတ်တလော စစ်တပ်က မြိုင်မြို့နယ်အတွင်းသို့ မကြာခဏဆိုသလို ကင်းထောက် လေယာဉ်များ ပျံဝဲခြင်း၊ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက် ခိုက်မှုများလည်း မကြာခဏဆိုသလိုလုပ်ဆောင်နေကြောင်း၊ မြေပြင်တွင်လည်း စစ်ကြောင်း ထိုးမှုများ စစ်တပ်က လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“စစ်ဘေးရှောင်တာကတော့ လေယာဉ်တွေ ကင်းထောက်ရင် အကုန်တောထဲ ခဏရှောင်ရတာပဲ။ အဓိက လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရတာပါ။ လေကြောင်းတိုက်ခိုက်မှုကလည်း ရွာတွေနဲ့ လူအုံတဲ့နေရာတွေကို ကျဲချတာဆိုတော့ ပြည်သူတွေက လေယာဉ်ကင်းထောက်တာနဲ့ ရှောင်ကြတယ်” ဟု မြိုင်မြို့နယ်မှစစ်ဘေးရှောင်ကူညီရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တစ်ဦးက ရှင်းလင်း ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မြိုင်မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်တစ်ခုအဖြစ် ကြေညာထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
