27.2 C
Yangon

“ဗန်းမောက်ကို ရလိုက်တာက မြို့တစ်မြို့ကို ရလိုက်တာထက်များစွာပိုတယ်။ ကာကင်းစခန်းကုန်းတွေ တဝုန်းဝုန်းပြို၊ ဖက်ဆစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါပြိုကျကုန်တာ။ အထူးသဖြင့် ဖက်ဆစ်တပ် အလဲထိုးခံရတိုင်း ဝင်ကူကယ်ပေးနေကျ လက်မည်းကြီး အလှမ်းမမီတဲ့ဘက်ဆီ တော်လှန်ရေးမုန်တိုင်းမျက်စိရောက်သွားပြီ”

Must read

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်းရှိ ဗန်းမောက်မြို့ကို KIA ၊ PDF များပါဝင်သော တော်လှန်ရေးမဟာမိတ်တပ်များက ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ယင်းမြို့သိမ်းတိုက်ပွဲမှာ ရက်အနည်းငယ်အတွင်း သိမ်းပိုက်ရရှိသော မြို့သိမ်းတိုက်ပွဲ တစ်ခုအဖြစ် မှတ်တမ်းဝင်သွားသည်။

ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်နေ့တွင် ဖော်ဆောင်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ ၆ရက်အကြာတွင် မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲက နွေဦးတော် လှန်ရေးအပေါ် သက်ရောက်လာနိုင်သော သက်ရောက်မှုများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေက မနေ့က သိမ်းလိုက်ပြီဆိုတော့ ဒီတိုက်ခိုက်သိမ်းပိုက်မှုအပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါလဲ။

ဖြေ။ ။ ဗျူဟာအရ အချက်အချာ ကျတဲ့မြို့ပဲ။ တော်လှန်ရေးရဲ့ မုန်တိုင်းမျက်စိဟာ အနောက်မြောက်ဆီအောင် မြင်စွာရွှေ့ ခဲ့နိုင်ပြီ။ ဗန်းမောက်ကိုရလိုက်တာ မြို့တမြို့ရလိုက်တာ ထက်များစွာပိုတယ်။ စစ်ရေးသာမက ဘဏ္ဍာရေး သံတမန်ရေးတွေပါကြီးစွာသော သက်ရောက်မှုတွေ တော်လှန်ရေးဘက်က အပေါင်းလက္ခဏာရသွားတာပေါ့။

ဒီမြို့ဟာဗျူဟာအရအရေးပါတယ်ဆိုတာ ဖက်ဆစ်တပ်လည်းသိလို့ သူတို့အသက်တွေအများကြီးဖြုန်းခုခံခဲ့သေးတာပဲ။ ဒါပေမယ့် EROs အပါဝင်တော်လှန်ရေးစစ်ဖက်ခေါင်းဆောင်တွေက အစီအမံကောင်းတွေနဲ့အချိန်ယူအကျအနကြိုပြင်ဆင် ပြီးတိုက်တာ ဆိုတော့ ကာကင်းစခန်းကုန်းတွေတဝုန်းဝုန်းပြို၊ ဖက်ဆစ်တပ်သားတွေရဲ့စိတ်ဓာတ်တွေပါ လိုက်ပါပြိုကျကုန်တာ။

မေး။ ။ လက်ရှိမှာ စစ်တပ်က မြို့တွေ တချို့ ပြန်သိမ်းလာတယ်။ မဟာဗျူဟာကျတဲ့ လမ်းတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာတယ်။ အထူးသဖြင့်တော့ စစ်မှုထမ်းတပ်သားတွေကို သုံးပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်လာတယ်။ ဒီလိုအချိန်မှာ ဗန်းမောက်မြို့ကို သိမ်းပြတာဆိုတော့ ဒါက တော်လှန်ရေးအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု အထူးသဖြင့်တော့ အပေါင်းလက္ခဏာ ပြန်မြင်ရလာတာလို့ ပြောလို့ရလား။

ဖြေ။ ။ ဗန်းမောက်တိုက်ပွဲ အနိုင်တိုက်ခဲ့တဲ့ခေါင်းဆောင်တယောက်ကပြောတယ်ဗျ။ မနေ့ကပဲအစ်ကိုရာ အညာသားညီအစ်ကိုတွေ ကန့်ဘလူမှာ ရဲစခန်းဝင်သိမ်းတဲ့ Video ကိုအားလုံးကြည့်လိုက်ရတာ။ သိပ်အားရတာ အကာအကွယ်မဲ့ကြီးဝင်တိုက်ရတာ။ သတ္တိကောင်းရုံမကဘူး။ ယုံကြည်မှုအားကောင်းတာရော အနိုင်ရပြန်တော့ကျင့်ဝတ်ကောင်းတာကအစ မြင်တော့အောင်စိတ်တွေကူးခဲ့တာ။ ပြည်သူတွေရဲ့မှတ်ချက်တွေဖတ်ပြီး တော်လှန်လှိုင်းလုံးရုန်းကြွမြင့်လာတာတွေ ပြန်ပြောပြတယ်။ ခေါင်းဆောင်တွေစနစ်တကျ ကြိုပြင်ဦးဆောင်မှုမှာချိန်ကိုက်အားပြည့်တိုက်နိုင်အောင်နိုင်ခဲ့ကြတာဗျာ တဲ့။

မေး။ ။ စစ်တပ်က အခုအချိန်မှာ သူတို့ကပဲ သံတမန်ရေးနဲ့ စစ်ရေးအရ အနိုင်ရလာသယောင် ဝါဒဖြန့်တယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ရွေးကောက်ပွဲဆိုတာကြီး​လုပ်လိုက်ရင် ဒီနိုင်ငံမှာ ပြဿနာပြေလည်သွားတော့မ ယောင် ဝါဒဖြန့်နေတော့ ဒီအပေါ်မှာလည်း သုံးသပ်ပေးပါဦး။

ဖြေ။ ။ ဒီအောင်ပွဲကစစ်ရေးတခုတည်းမဟုတ် ကျန်တဲ့နယ်ပယ်တွေ အထိအောင်စိတ်ကိုဝိုင်းသယ်ကြဖို့ပါ။ အထူး သဖြင့် ဖက်ဆစ်တပ်အလဲထိုးခံရတိုင်း ဝင်ကူကယ်ပေးနေကျ လက်မည်းကြီး အလှမ်းမမီတဲ့ဘက်ဆီ တော်လှန်ရေးမုန်တိုင်းမျက်စိ ရောက်သွားပြီ။ အခုရတဲ့အခိုင်အမာခြေကုပ်မြေမှာ ဘဏ္ဍာရေးသံတမန်ရေးကအစ အပေါင်း လက္ခဏာခိုင်တဲ့နယ် ဗျူဟာအရအရေးပါဆုံးနယ်ကိုရလိုက်တဲ့အောင်စိတ်နဲ့ အဆုံးအဖြတ်အချိုးအကွေ့ကိုကောင်းစွာ အားလုံးအတူရုန်းကွေ့ကြရအောင်ပါ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article