28.4 C
Yangon

အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လက်မခံဟု တိုင်းရင်းသား လူမျိုးများကောင်စီ နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့များစုပေါင်း ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း တိုင်းရင်းသား လူမျိုးများကောင်စီ နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့များက စုပေါင်း ကြေညာသည်။

တိုင်းရင်းသားလူမျိုးများ ကောင်စီ (Multi Ethnic Councils- MEC) က ပြည်နယ်အားကောင်းရေးမှ ပြည် ထောင်စု အား ကောင်းရေး (Bottom- up Federalism Approach) ဖက်ဒရယ် အခြေခံ ချဉ်းကပ် မှုဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် သဘောတူ ထားကြောင်း၊ မြန်မာပြည်တွင် နှစ်ပေါင်း ၈၀ ခန့် ကိုင်စွဲကျင့်သုံးလာ သည့် တစ်ပြည်ထောင် ဗဟိုချုပ်ကိုင်မှုစနစ်နှင့် စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းစေပြီး ကိုယ်စားပြုမှု နှင့် တာဝန်ယူမှု တာဝန်ခံမှုအား ကောင်းသည့် (Bottom- up Federalism Approach) စနစ်ပြောင်း နိုင်ငံသစ် တည်ဆောက်သွားမည်ဟု မူဝါဒသဘော ထား ချမှတ်ထားကြောင်း သိရှိရသည်။

“ စစ်ကော်မရှင် က ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ စပြီး တော့ အပိုင်းလိုက်ရွေးကောက်ပွဲတွေ လုပ်မယ်ဆိုတဲ့ အပေါ်မှာ ဒီရဲ့ ရွေးကောက်ပွဲကတော့ ဘယ်လိုမှ လူထုရဲ့ဆန္ဒကိုလည်း အခြေခံ မှာမဟုတ်သလို ဒီရွေး ကောက်ပွဲ ကနေမှ မြန်မာ့နိုင်ငံရေး ပြသနာအခက်အခဲတွေဖြေရှင်းနိုင်မှာ မဟုတ်ဘဲနဲ့ စစ်အာဏာရှင် သက်ဆိုး ရှည်ဖို့ကိုပဲ လုပ်တဲ့ နိုင်ငံ ရေးထွက်ပေါက်ရွေးကောက်ပွဲလို့ပဲ သတ်မှတ်တယ်။ ဒါကလည်း အရှင်းကြီး ပါ၊ အခုဆိုရင် စစ်ဗိုလ် ချုပ်တွေက ကြံ့ဖွတ်ပါတီထဲမှာ အကုန်လုံးအများကြီးပြောင်းနေကြ ပြီဖြစ် တယ်။ ဝင်ရောက်အရွေး ခံဖို့အတွက်။ အခုက ၂၀၀၈ အခြေခံဥပဒေအရဆိုရင်လည်း ပျက်ပြယ်သွားပြီး ဖြစ်တယ်၊ အဲဒီအတွက် ကြောင့် ဒါကတော့ ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူးဆိုတာကို စုပေါင်းပြီးတော့ ထုတ်ပြန်လိုက်တာ ဖြစ်တယ်၊” ဟု တိုင်းရင်းသား လူမျိုးများကောင်စီ(Multi Ethnic Councils- MEC) ၏ တာဝန်ခံ ဦးအောင်ဆန်းမြင့်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် ရွေးကောက်ပွဲရလဒ်ကို လိုသလို ပုံဖေါ်ရယူနိုင်ရေး တရား မဝင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမည်ဟု ကြေညာထားကြောင်း၊ ထိုသို့ ပြုမူဆောင်ရွက်ခြင်းသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN)၏ ဘုံသဘော တူညီ ချက် ၅ ရပ်နှင့် ပြောင် ပြောင်တင်းတင်း ဆန့်ကျင် နေသည့်အပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည် သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်လည်း ဆန့်ကျင်လျက်ရှိကြောင်း တိုင်းရင်းသား လူမျိုးများကောင်စီ(Multi Ethnic Councils- MEC) က ထောက်ပြထားသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်၍ စစ်အာဏာ သိမ်းခဲ့ခြင်းသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပျက်ပြယ်ပြီးဖြစ်ကြောင်း၊

သို့ဖြစ်၍ အကြမ်းဖက်စစ်တပ် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် အခွင့်အာဏာမရှိကြောင်း၊ ထို့ ကြောင့် ၄င်းတို့၏ နိုင်ငံရေးထွက်ပေါက် အနေဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား ကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်ကို ချိုးဖောက်ပြီး အာဏာကို မတရား ရယူရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း မှတ်ချက်ပေး ကြေညာချက်ထုတ်ပြန်ထားသည်။

စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲရလဒ်များက တိုင်းရင်းသား တော် လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများ လိုလားသည့် ပြည်နယ်အားကောင်း ရေးမှသည် ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်ချဉ်းကပ်မှု (Bottom-Up Federalism Approach) အရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်သည့်အပြင် မြန်မာ့ နိုင်ငံ ရေး ပဋိပက္ခကို ရေရှည်ဖြစ်ပေါ်စေကြောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရန် ပိုမိုခက်ခဲလာစေမည် ဖြစ်ကြောင်း အသိပေးထားသည်။

တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများအနေဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းထားသည်နှင့်အညီ အသွင်ကူးပြောင်းရေး ကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ်(Transitional Federal Democrat Government- TFDG) ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အခြေခံ ဥပဒေ (Articles of Federal Transitional Arrangement – AFTA) ရေးဆွဲရေး လုပ်ငန်းများကို အစဉ် တစိုက်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက် အသိပေးကြေညာထားသည်။

ထို့အပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးဖက်ဒရယ်ချဉ်းကပ်မှု အခြေခံမူ ဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင်(ရွေးကောက်ခံ) ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် သက် ဆိုင်ရာအင် အားစုအားလုံးပေါင်းစပ်ညှိနှိုင်းလျက် မဏ္ဍိုင်ကြီး ၃ ရပ်ကို တည်ဆောက်၍ လက်တွေ့ ကျင့်သုံးနေကြပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ တရားမဝင်ကျင်းပပြုလုပ်သွားမည့် အတုအယောင် ရွေး ကောက်ပွဲကို တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) နှင့် ဖက်ဒရယ်ယူနစ်အဖွဲ့အစည်း များအနေ ဖြင့် နိုင်ငံရေးအရ လုံးဝလက်ခံသွားမည်မဟုတ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်တိုက်တွန်းထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ၊ ကရင်အမျိုးသား အ စည်းအရုံး – KNU ၊ ချင်းအမျိုးသားတပ်ဦး – CNF ၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) ၊ တအာင်းပြည်ကောင်စီ – TLC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ၊ မွန် ပြည်နယ်ဖက်ဒရယ်ကောင်စီ – MSFC ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ – KSCC ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ၊ လားဟူဒီမိုကရေတစ်အစည်းအရုံး – LDU ၊ စစ်ကိုင်းဖက်ဒရယ် ယူ နစ် တော်လှန်ရေးအင်အားစုများ နှင့် မန္တလေးနိုင်ငံရေး စင်္ကြံဖြစ်မြောက်ရေးအဖွဲ့ (OFMPP) တို့ ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article